(စ)-စာသင်ကျောင်းဟောင်းများအား ကျောင်းသား/သူအင်အား၊ စာသင်ခုံများ၊ ပရိဘောဂများ ဟောင်းနွမ်းပျက်စီးမှု အနေအထားအပေါ်မူတည်၍ ကျောင်းသုံးပရိဘောဂများနှင့် သင်ထောက်ကူ ပစ္စည်းများ စိစစ်ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
အ.ထကကျောင်းသည် အခြေခံပညာအထက်တန်းကျောင်း စာမေးပွဲစာစစ်ဌာန နှစ်စဉ်ပြုလုပ်နေရသည့် ကျောင်းတစ်ကျောင်းဖြစ်သဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လတွင် ပြုလုပ်မည့်စာမေးပွဲအတွက် စာရေးစားပွဲနှင့် စာသင်သည့် ခုံအလုံးပေါင်း ၁၀၀ ခန့်လိုအပ်နေပါကြောင်းနှင့် လက်ရှိစာသင်ကြားရာတွင်လည်း အဆင်ပြေ သင်ကြားနေရခြင်း၊ စာသင်ခုံအချို့မှာလည်း နှစ်ကာလကြာမြင့်သဖြင့် ယိုင်နဲ့ကျိုးပဲ့ပျက်စီးနေမှုကို ဖာထေးပြုပြင် အသုံးပြုနေရခြင်း၊ စာရေးစားပွဲအချို့တွင် မျက်နှာပြင်ညီညာ ချောမွေ့မှုမရှိခြင်းကြောင့် စာဖြေကြားသူများ အတွက် အဆင်မပြေမှုများ ရှိနေပါကြောင်း၊ စာသင်ခုံနှင့်ပရိဘောဂများကို စာသင်ကျောင်းအသစ်များနှင့် ကျောင်းများကို အဆင့်တိုးမြှင့်ဦးစားပေး ခွင့်ပြုချထားပေးရခြင်းကြောင့် စာသင်ကျောင်းဟောင်းများအတွက် ခွင့်ပြုချထားပေးနိုင်မှု မရှိသေးပါကြောင်းကိုလည်း သိရှိရပါသည်။ စာသင်ခုံနှင့်ပရိဘောဂများ ခွင့်ပြုချထားပေးသည့်အခါ ယခင်က ရုံးချုပ်နှင့်ပြည်နယ်/တိုင်း ဒေသကြီးများက လေလံခေါ်ယူ ဆောင်ရွက်ပြီး မြို့နယ်များနှင့် ကျောင်းများကို အဆင့်ဆင့်ပေးပို့ရသည့်အတွက် လေလံကအပ်နှံသည့် စာသင်ခုံအရေအတွက် များပြား၍ တစ်လုံးချင်းစစ်ဆေးရန် အခက်အခဲရှိခြင်းကြောင့်၊ သစ်အမျိုးအစား၊ ပစ္စည်းအမျိုးအစား မမှန်ကန်ခြင်း၊ အရေအသွေးမပြည့်ဝခြင်း၊ ယိုင်နဲ့ကျိုးပဲနေခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည့်အပြင် အဆင့်ဆင့်သယ်ဆောင် တင်ချစရိတ်များ ပိုမိုကုန်ကျခြင်း၊ တင်ချသယ်ယူမှု အကြိမ်ရေများလာသည်နှင့်အမျှ စာသင်ခုံနှင့် ပရိဘောဂများယိုင်နဲ့ကျိုးပဲ့ ပျက်စီးခြင်းစသည်များ ဖြစ်ပေါ်သည်ကို တွေ့ရှိရပါကြောင်း၊ စာသင်ခုံ များ ခွဲဝေချထားပေးခြင်းနှင့်ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ အငြိမ်းစားမယူခင် စစ်ဆေးရေးလုပ်ငန်း အတွေ့အကြုံနှင့်ပတ်သက်ပြီး ခရိုင်စာရင်းစစ်အရာရှိနှင့် အငြိမ်းစားမယူခင် ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ တာဝန်ပေးမှုအရ အခြေခံပညာ ဦးစီးဌာနကပေးပို့သည့် စာသင်ခုံများကို လက်ခံရရှိမှုအခြေအနေကို ကွင်းဆင်း စစ်ဆေးရသည့်အခါ ကျောင်းအတော်များများတွင် လက်ခံရသည့် စာသင်ခုံများ အဆင့်ဆင့်သယ်ပို့ တင်ချမှုပြုလုပ်ရခြင်း ဖြစ်သည့်အတွက်ကြောင့် ကျောင်းများကိုရောက်သည့်အခါ စာသင်ခုံခြေထောက်များ ကျိုးပဲ့နေခြင်း၊ စားပွဲမျက်နှာပြင်ကျိုးပဲ့နေခြင်း၊ ချိုင့်ခွက်နေခြင်း၊ မျက်နှာပြင်မညီညာခြင်းများကြောင့် စာသင်သားများအတွက် စာရေးရန်အခက်အခဲ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ မိမိအနေဖြင့် ယခုလိုစစ်ဆေးသည့်အခါ အရေအတွက်ကိုစစ်ဆေးရန် တာဝန်ပေးသည့်အတွက်ကြောင့် အရေအတွက် ပြည့်မပြည့် မျက်မြင်အခြေအနေကို မှတ်ချက်သဘောဖြင့် ရေးသားတင်ပြလျက် အစီရင်ခံခဲ့ရပါကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းဟောင်းများအား ကျောင်းသား/သူအင်အား၊ စာသင်ခုံများ ဟောင်းနွမ်းပျက်စီးမှု အနေအထားအပေါ် မူတည်ပြီး စိစစ်ချထားပေးနိုင်ခြင်းရှိ/မရှိနှင့် ခွင့်ပြုချထားပေးရာတွင် သက်ဆိုင်ရာကျောင်းများမှ အရည်အသွေးပြည့်ပြည့်ဝဝ လက်ခံရရှိရေး ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။