(က)-ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ စည်ပင်သာယာရေးအဖွဲ့များမှ နှစ်အဆက်ဆက် စုဆောင်းထားရှိသည့် အစုရှယ်ယာနှင့် အရင်းအနှီးများအား ပြန်လည်တွက်ချက်၍ ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စည်ပင်သာယာရေးအဖွဲ့များမှ နှစ်အဆက်ဆက် စုဆောင်းထားရှိသည့် အစုရှယ်ယာနှင့် အရင်းအနှီးများအား ပြန်လည်တွက်ချက်၍ ထုတ်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စည်ပင်ယာသာရေးအဖွဲ့ပိုင် ငွေကြေးသည် ဥပဒေအရ နိုင်ငံတော်ပိုင် ငွေကြေးဖြစ်သည့်အတွက်  ပုဂ္ဂလိကဘဏ် သို့မဟုတ် အများနှင့်မသက်ဆိုင်သောဘဏ်အဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီ/မညီ ပြန်လည်စိစစ်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ယခင် ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုဖြစ်သည့် နယ်စပ်ရေးရာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ၁၉၉၆ ခုနှစ်တွင် စည်ပင်သာယာရေးအဖွဲ့များအတွက် စည်ပင်သာယာရေးဘဏ်ကို ရည်ရွယ်ချက်လေးရပ်နှင့် အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ (က) စည်ပင်သာယာရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုံလောက်မှုမရှိသော စည်ပင်သာယာရေးအဖွဲ့များအား ဘဏ်မှ လှူဒါန်းထောက်ပံ့ခြင်းဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေများ အစဉ်တစိုက်ဖြည့်တင်းနေရခြင်းမှ လျော့နည်းစေရန်၊ (ခ) စည်ပင်သာယာရေးအဖွဲ့များသည် ဒေသန္တရအဖွဲ့ အစည်းများ၏ အခြေခံမူနှင့်အညီ မိမိဝင်ငွေအပေါ် မိမိရပ်တည်ဆောင်ရွက်နိုင်စေရန်၊ (ဂ) စည်ပင် သာယာရေးအဖွဲ့များနှင့် ပြည်သူတို့၏ ငွေကြေး အရင်းအမြစ်များစုစည်းပြီး စီးပွားရေးစွမ်းအားစုတစ်ရပ် အဖြစ် ဘဏ်စနစ်ကို အသွင်ပြောင်း ဆောင်ရွက်ရန်၊ (ဃ) မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ပါ‌စေတင်ဖွဲ့စည်းစဉ်နှစ်မှစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၏ ရန်ပုံငွေက အစုရှယ်ယာများ စုပေါင်းထည့်ဝင်တာ၊ နှစ်စဉ် စုဆောင်းငွေများ အချိုးကျ ထည့်ဝင်ခြင်းများကြောင့် အကျိုးအမြတ်များစွာကို နှစ်အဆက်ဆက် ရရှိခဲ့ပြီး စည်ပင်သာယာရေးဘဏ် လီမိတက်သည်လည်း ပိုင်ဆိုင်မှု များစွာရှိခဲ့ပါကြောင်း၊

၂၀၁၁ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနကို နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အမည်ပြောင်းဖွဲ့စည်းခဲ့သလို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စည်ပင်သာယာရေးအဖွဲ့များသည်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ၏ ကွပ်ကွဲမှုအောက်ကို ရောက်ရှိသကဲ့သို့ စည်ပင်သာယာရေးဘဏ်လီမိတက်ကိုလည်း ကျေးလက်ဖွံ့ဖြိုးရေး ဘဏ် လီမိတက်အဖြစ် အမည် ပြောင်းခဲ့ပြီး၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစကာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ကို ပြောင်းရွှေ့ခဲ့ပါကြောင်း၊

ယခု အစိုးရသစ်လက်ထက် ဝန်ကြီးဌာနများ လွှဲပြောင်းရာတွင် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ကို လွှဲပြောင်းမှု မပြုဘဲ ယခင် ပြည်ထောင်စုဝန်ကြီးဟောင်းက ဦးဆောင်ကာ ပုဂ္ဂလိကဘဏ်အဖြစ် ဖွဲ့စည်း ဆောင်ရွက်ခဲ့ သည်ဟုသိရှိရပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် မူလအစုရှယ်ယာ ပိုင်ရှင်များ ဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့များကို အသိပေး၊ သဘောထားရယူခြင်း မပြုဘဲ ပုဂ္ဂလိက ကုမ္ပဏီအချို့ကို အစုရှယ်တွေခွဲဝေရောင်းချကာ အမြတ်ဝေစုများကိုလည်း အချိန်တိုအတွင်း စည်ပင်သာယာရေးအဖွဲ့များ နည်းတူ ခွဲဝေပေးခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ခြင်းအတွက် ဘဏ္ဍာငွေနှင့် အဆောက်အဦပစ္စည်းများ၊ အရင်းအနှီးများတွင် ပုဂ္ဂလိကရှယ်ယာရှင်များကို လုပ်ထုံးလုပ်နည်း လွဲမှားစွာဖြင့် ဝင်ရောက်စေခဲ့ခြင်း ကြောင့် စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် များစွာဆုံးရှုံးနစ်နာခဲ့ရပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်(နေပြည်တော်)တွင် ၂၇-၆-၂၀၁၆ ရက်နေ့ က ပြုလုပ်ခဲ့သည့် အစည်း အဝေးတွင် ပြည်နယ်/တိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူးများ က ကန့်ကွက်ခဲ့သော်လည်း ပုဂ္ဂလိကဘဏ်အဖြစ် အမည်ပြောင်းရေးကို ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊

စည်ပင်သာယာရေးအဖွဲ့များ၏ ကျေးလက်ဘဏ်တွင်စုဆောင်းထားသည့် ငွေစုစုပေါင်းသည် အဆောက် အဦနှင့် အခြားပိုင်ဆိုင်မှုများ မပါရှိသေးဘဲ ၂၁၇၉၉.၄ သန်းရှိပြီး အဆိုပါငွေကြေးများသည် နိုင်ငံတော်ကခ ျမှတ်ထားသည့် ရသုံးဆိုင်ရာဘဏ္ဍာရေး ညွှန်ကြားချက်များအရ နိုင်ငံတော်ပိုင် ငွေကြေးများ ဖြစ်သည့် အတွက် ပုဂ္ဂလိကဘဏ်အဖြစ် လွှဲပြောင်းခြင်းသည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ လွဲမှားနေသည့်အပြင် စည်ပင်သာယာရေးအဖွဲ့များ၏ စုစုပေါင်း မတည်စုဆောင်းငွေများဖြင့် နှစ်ပေါင်းများစွာလည်ပတ်ခဲ့သည့် အကျိုးအမြတ်များကို ပိုင်ဆိုင်သည့် ကျေးလက်ဖွံ့ဖြိုးဘဏ်ကို ပုဂ္ဂလိကဘဏ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခြင်းသည် နိုင်ငံတော်နှင့် စည်ပင်သာယာရေးအဖွဲ့များအတွက် များစွာနစ်နာစေခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ စည်ပင်သာယာရေးအဖွဲ့များမှ နှစ်အဆက်ဆက် စုဆောင်းထားရှိသည့် အစုရှယ်ယာနှင့် အရင်းအနှီးများအား ပြန်လည်တွက်ချက်၍ ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင်ငွေကြေးသည် ဥပဒေအရ နိုင်ငံပိုင်ငွေကြေးဖြစ်သည့် အတွက် ပုဂ္ဂလိကဘဏ် သို့မဟုတ် အများနှင်‌့သက်ဆိုင်သောဘဏ်အဖြစ် ပြောင်းလဲခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီ/မညီ ပြန်လည်စိစစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း  မေးမြန်းပါသည်။