(ခ)-လွှတ်တော်သို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်ပါ မဲဆန္ဒပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်း၌ပါရှိပြီး မဲစာရင်းကောက်ယူခြင်းများကို မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)အရ ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက ရွေးချယ်တင်မြှောက်ခဲ့သည်မှာ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် ယနေ့အထိ လေးကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ အကြိမ်တိုင်းတွင် အဓိကတွေ့ရှိရသည်မှာ မဲစာရင်းများ မှားယွင်းခြင်း၊ သေဆုံးသူက မဲစာရင်းထဲတွင်ပါရှိပြီး အိမ်တွင်ကျန်ရှိသူက မဲစာရင်းတွင်မပါရှိခြင်း၊ အချို့က တစ်အိမ်လုံး ပျောက်နေခြင်း၊ ရွေးကောက်ပွဲနေ့တွင် ၁၈ နှစ်ပြည့်သည့် ကလေးများကိုလုံးဝမထည့်ထားခြင်း တို့ကို အချို့နေရာများတွင် အများအပြား တွေ့ရှိရပါကြောင်း၊ အဘယ်ကြောင့်ဆိုသည်ကို ကြည့် သည့်အခါ အချက်(၂)ချက်တွေ့ပါကြောင်း၊ ပထမအချက်က မဲစာရင်းကောက်သည့် အခက်အခဲ ဖြစ်ပါကြောင်း၊ မဲစာရင်းကောက်ယူရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်/ကျေး စာရေး များကို ကောက်ယူခိုင်းပါကြောင်း၊ ကျေးရွာကော်မရှင်များကို ဝိုင်းဝန်းပူးပေါင်းပြီး အမှန်တရားရရှိ ရေးအတွက် ဆောင်ရွက်ခိုင်းသော်လည်း ကျေးရွာကော်မရှင်အများစုသည် ရပ်ကွက်၊ကျေးရွာ အထွေထွေအုပ်ချုပ်ရေးဦးစီးစာရေးများကိုသာ ခိုင်းသည့်အခါ အချို့က စေတနာပါပါနှင့်လုပ်သော် လည်း အချို့က ၎င်းတို့အလုပ်မဟုတ်ဟုသဘောထားပြီး ဖြစ်သလိုကောက်ယူလာသည်ကို တွေ့ရှိ ရပါကြောင်း၊ နောက်တစ်ချက်က ရွေးကောက်ပွဲနီးမှ မဲစာရင်းများကိုကောက်ယူပြီး ယခင်မဲစာရင်း အဟောင်းအတိုင်း ပြုပြင်ခြင်းမရှိသည့်အခါ မှားယွင်းသည့်အချက်များကို တွေ့ရှိရခြင်း ဖြစ်ပါ ကြောင်း၊ ယခင်က ကော်မရှင်လုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူပြီး လုပ်ဆောင်ပါကြောင်း၊ ယခုနောက်ပိုင်းတွင် ကော်မရှင်က မြို့နယ်တွင် ကော်မရှင်ရုံးများဖွင့်လှစ်ပြီး ဦးစီးဌာန ဦးစီးအရာရှိ တစ်ယောက်နှင့် ဝန်ထမ်းနှစ်ယောက်၊ သုံးယောက်ထားပါကြောင်း၊ ထို့ကြောင့် ၎င်းအခက်အခဲများကို ၎င်းတို့ဘာသာ၎င်းတို့ပြင်ဆင်နိုင်သည့်အခြေအနေ မတွေ့ရှိ ရခြင်း ဖြစ်ပါကြောင်း၊ ကောက်ယူပြီးသည့်မဲစာရင်းကို ပြန်လည်ပြင်ဆင်နိုင်သည့် လူအင်အားက လည်း မရှိပါကြောင်း၊ ထို့အတူ ရွေးကောက်ပွဲနီးလာသည့်အခါတွင်လည်း မဲစာရင်းများကပ်သည့် အခါ တချို့ရွာကြီးများ၊ရပ်ကွက်ကြီးများက ရှည်လျားသော်လည်း တစ်နေရာထဲတွင် ထားရှိ ပါကြောင်း၊ သွားကြည့်သည့်နေ့ကျမှ မဲစာရင်းတွင် မပါရှိခြင်း၊ တချို့ သွားကြည့်သည့်လူများက ကျပ်သည့်အခါ မကြည့်ဘဲပြန်လာကြခြင်းစသည့် အခက်အခဲများစွာ တွေ့ရှိရပါကြောင်း၊ ယခုအခါ သည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံကို ထူထောင်နေသောအချိန်ဖြစ်ပါကြောင်း၊ အခြေခံကျသည့် လွှတ်တော်ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် မဲစာရင်းသည် အဓိကကျသည့်အချက် ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ မှားယွင်းနေပါက ဒီမိုကရေစီ၏ပုံရိပ်ကို များစွာထိခိုက်လာပါကြောင်း၊ ထို့ကြောင့် မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရှိရေးအတွက် ကော်မရှင်အနေဖြင့်မည်ကဲ့သို့ စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။