(ဂ)ဟုမ္မလင်းမြို့နယ်တွင် တယ်လီဖုန်းအားလုံး ဆက်သွယ်ပြောဆိုမှု အဆင်ပြေစေရန် မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးတင်လှိုင် (ကလေး)စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များတွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လပိုင်းက GSM တာဝါတိုင်(၂)တိုင် စိုက်ထူပေးပြီး ကုမ္ပဏီ(၃) ခုမှ GSM ဖုန်းလုံးရေ (၃၀၀၀) နီးပါးခန့်ကို တစ်လုံးလျင် ၂၀၀၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ ပါကြောင်း၊ အဆိုပါဖုန်းများမှာ စတင်ဖွင့်လှစ်ခါစ ၁လခန့်ကာလ အတွင်း ပြောဆို ကောင်းမွန်သာ်လည်း ယခုအခါ လုံးဝပြောဆိုဆက်သွယ်၍ မရတော့ပါကြောင်း၊ လေ့လာချက်များအရ တာဝါတိုင်၁ ခုလျင် အဝင် ၁၅ ပေါက် အထွက် ၁၅ ပေါက်နှင့် မိမိတို့တွင် တာဝါတိုင် ၂ တိုင်သာ စိုက်ထူထားရှိရာ ဖုန်းလုံးရေ ၃၀၀၀ အတွက် ဆက်သွယ်သုံးစွဲရန် အဆင်မပြေနိုင်တော့ပါကြောင်း၊ အင်တာနက်သုံးစွဲသူများအနေဖြင့်လည်း အခက်အခဲများဖြင့် ကြုံတွေ့နေရ ပါကြောင်း၊ ထို့ပြင် ယခုမကြာမီကာလအတွင်းတွင် ၁၅၀၀ ကျပ်တန် တန်ဘိုးနည်း ဖုန်းလုံးရေ ၂၀၀ ကို ဟုမ္မလင်းမြို့နယ်အတွက် ခွဲတန်းချပေးမည်ဟု သိရှိရရာ၊ အဆိုပါ ဖုန်းအလုံးရေ ၂၀၀ ကိုလည်း ယင်း တာဝါတိုင် နှစ်တိုင်ဖြင့် ဆက်လက် အသုံးပြုမည်ဆိုပါက တယ်လီဖုန်းလိုင်းဆက်သွယ်မှုများအတွက် ပိုမိုခက်ခဲလာနိုင်ပါကြောင်း၊ မိမိအနေဖြင့် တယ်လီဖုန်းများအားလုံး ဆက်သွယ်ပြောဆိုမှု အဆင်ပြေစေရန် အတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။