(င)ချမ်းမြသာစည်လေယာဉ်ကွင်းကြီးအား ပြည်သူ့ ရင်ပြင်အဖြစ်လည်းကောင်း၊ ပညာရေးဆိုင်ရာ တက္ကသိုလ် များ၊ကျန်းမာရေးဆိုင်ရာ ဆေး တက္ကသိုလ်များ၊ နိုင်ငံတော်ပိုင်ခေတ်မီဆေးရုံကြီးများ တည်ရှိရာ နေရာအဖြစ်လည်းကောင်း သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ချမ်းမြသာစည်လေယာဉ်ကွင်းကြီးကို မြို့အင်္ဂါရပ်နှင့်အညီ ခမ်းနား ထည်ဝါစွာ အစိုးရမှ မည်သို့ဆောင်ရွက်မည်နည်းဆိုသည့် မေးခွန်းကို ဦးတင်မောင် (ချမ်းမြသာစည်)ပထမ အကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း အဖြစ် မေးမြန်းခဲ့ရာ ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အရပ်ဘက်လေယာဉ်မောင်း သင်တန်းကျောင်းနှင့် Flying Class ဖွင့်လှစ်မည်ဖြစ်သောကြောင့် မြို့ကျက်သရေဆောင် လေကြောင်း ပညာပေးဌာနကြီး ဖြစ်ပေါ်လာမည်ဟု ၂၁-၁-၂၀၁၂ ရက်နေ့တွင် ဖြေကြားခဲ့ပါသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် မပြီးသေးသည့် လုပ်ငန်းများအတွက် ဖြေကြားချက်အရ နိုင်ငံတကာ အဆင့်မီ ပြည် တွင်းလေယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်သို့ တင်ပြရာ ၄-၅-၂၀၁၂ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုသတင်း အချက်အလက် စုဆောင်း ရှာဖွေမြှင့်တင်ရေးအဖွဲ့၏ ၁၂/၂၀၁၂ အစည်းအဝေးမှ အဆိုပြု တင်ပြချက်များအပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရန် ညွှန်ကြားခဲ့သဖြင့် ပြုပြင်ဆောင်ရွက်ဆဲဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မပြီးပြတ်သေးသည့် လုပ်ငန်းများအတွက် မြန်မာ့လေကြောင်းမှ လေယာဉ်ငယ်များဖြင့် ချမ်းမြသာစည်လေဆိပ်တွင် အခြေပြု၍ အထက်ဗမာပြည်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၅၀ ဖြင့် တင်ပြတောင်းခံပြီး ခွင့်ပြုချက် ရရှိပါက လေယာဉ်ပြေးလမ်းကြောင်း မြောက်ဘက် Touch ထောင့်ဇုံ အတွင်း ပျက်စီးနေသော ပေ ၂၅၀ အား စည်းလောင်းခြင်း ပြုလုပ်၍ ဆောင်ရွက်မည်ဟု ဖြေကြားခဲ့ပါသည်။

ချမ်းမြသာစည် လေယာဉ်ကွင်းကြီးသည် ၂၀၀၀ ခုနှစ် ၉ လပိုင်း အထိသာ လေယာဉ် အတက်အဆင်းပြုလုပ်ခဲ့ပြီး ယခုအချိန်အထိ လေယာဉ် အတက်အဆင်း မပြုလုပ်တော့ပါ။ လက်ရှိအခြေအနေအရ လေယာဉ်ကွင်းကြီးအား အသုံးမပြုတော့သည်မှာ ၁၀ နှစ်ကျော် ၁၃ နှစ်နီးပါးရှိပြီဖြစ်၍ ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်လျက် ရှိပါသည်။ နိုင်ငံတကာအဆင့်မီ တံတားဦး လေဆိပ်ကြီးရှိသည့်အပြင် ချမ်းမြ သာစည် လေယာဉ်ကွင်းကြီးသည် မန္တလေးမြို့တော်ကြီး၏ အချက် အချာ နေရာတစ်ခုဖြစ်ရာ ပြည်သူများအတွက် အန္တရာယ်ဖြစ်မည်ကိုလည်း စိုးရိမ်သောကြောင့် လေယာဉ်မောင်း သင်တန်းကျောင်းများ တည်ရှိသင့်သည်‌့ နေရာတစ်ခု မဟုတ်ဟု အများပြည်သူများက ယူဆနေကြပါကြောင်း၊ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ကမ္ဘာ့အဆင့်မီ ပညာရေး ဆိုင်ရာတက္ကသိုလ်များ သို့မဟုတ် ကမ္ဘာ့အဆင့်မီ ကျန်းမာရေးဆိုင်ရာ တက္ကသိုလ် များ၊ နိုင်ငံတော်ပိုင် ဆေးရုံကြီးများ ပေါ်ထွန်းရာနေရာကြီး အဖြစ်လည်းကောင်း၊ မန္တလေးမြို့သူမြို့သားများ၏ ကျက်သရေဆောင် ပြည်သူ့ရင်ပြင်ကြီးကဲ့သို့နေရာမျိုးသာ ဖြစ်သင့်သည်ဟု မြို့သူ မြို့သားများက ထင်မြင် ယူဆနေကြပါသည်။

သို့ပါ၍ မိမိမေးမြန်းလိုသည်မှာ ချမ်းမြသာစည် လေယာဉ်ကွင်းကြီးအား လေယာဉ်မောင်းသင်တန်းကျောင်း Flying Class လေယာဉ်ငယ်ကွင်း အဖြစ်မပြုလုပ်တော့ဘဲ မဟာမန္တလေးမြို့တော်ကြီး၏ ကျက် သရေဆောင် ပြည်သူ့ရင်ပြင်အဖြစ်လည်းကောင်း၊ ထိုသို့ မဖြစ်နိုင်ပါက နိုင်ငံတော် အတွက် လိုအပ်လျက်ရှိသော ပညာရေးဆိုင်ရာတက္ကသိုလ်များ၊ ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်များ၊ နိုင်ငံတော်ပိုင် ခေတ်မီဆေးရုံများ တည်ရှိသည့် နေရာကြီး ဖြစ်သင့်ကြောင်းနှင့် ၎င်းကဲ့သို့ ရှိနိုင်/မရှိနိုင် သိရှိလိုကြောင်း မေးမြန်းပါသည်။