(ခ)နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး အချို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၆၄၊ပုဒ်မ-၂၃၂(ဋ)တို့နှင့်အညီ တရားဝင်ဆောင်ရွက် ပြီးစီးခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးဝင်းမြင့် (ပုသိမ်)၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ နှင့် ပုဒ်မ ၂၃၂ (ဋ) တို့၏ ပြဋ္ဌာန်းချက်တွင်ပါရှိသော ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခြင်း မပြုရ ဟူသည်ကို တိကျရှင်းလင်းစွာ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးပါရန်” အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ယင်းအဆိုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အမြန်ပါ်ပေါက်ရေး၊ပေါ်ပေါက်လာသည့်အခါ ကိုယ်စားလှယ်တော်၏ အဆိုပေါ် မူတည်ပြီး အနက် အဓိပ္ပာယ်ဖွင့် ဆိုချက်ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်ကဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပေါ်ပေါက် လာရာ ဂျာနယ်များမှလည်း ပါတီဥက္ကဋ္ဌကို သူရဦးရွှေမန်းဟု ဖော်ပြရေးသားကြပြီး ပါတီ၏ ဗဟိုအတိုင်ပင်ခံတစ်ဦးမှာ ဇွန်လ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အတွဲ-၂ အမှတ်(၁၆)တွင် “လုပ်ငန်းအနေနဲ့ ခြေခြေမြစ်မြစ်လုပ်တာကတော့ လက်ရှိတာဝန် ပေးထားတဲ့ ဥက္ကဋ္ဌလုပ်ရမှာပေါ့။ တကယ့်ဥက္ကဋ္ဌနှင့်ခေါင်းဆောင်ကတော့ လောလောဆယ်ကတော့ သမ္မတပါပဲ။ ဒီရာထူးပါပဲ။ ပါတီအကြီးအကဲပါပဲ” ဟု ဖြေကြားထားပါသည်။ မျက်စိသူငယ်၊ နားသူငယ်ဖြစ်နေကြသော မိမိတို့ ပြည်သူများ အနေဖြင့် မျက်စိလည်ကြရပါကြောင်း။ ထို့အပြင် ပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဆင့်ရှိ ပြည်ထောင်စုဝန်ကြီး ၆ ဦးခန့်၏ အနေအထားကိုလည်း တစ်စုံတရာ ကြားသိရခြင်း မရှိပါ။ ဤကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ပေါ်ပေါက် ပြီးဖြစ်သော်လည်း တစ်စုံတစ်ရာ တရားဝင် ဖြေကြားခြင်း မရှိသေးပါကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး အချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂ (ဋ) တို့နှင့်အညီ တရားဝင် ဆောင်ရွက်ပေးခြင်းရှိ/မရှိ အဆိုကို တင်သွင်းခဲ့ရာ ဤမေးခွန်းကို ဖြေကြားပေးနိုင်ပါရန် တင်ပြ အပ်ပါသည်။