(က)ကောလင်းမြို့နယ်တွင် ရေလှောင်တာတမံ ဆည်စီမံကိန်းတစ်ခုခုကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကောလင်းမြို့နယ်သည် ယခင်ကာလကတည်းက မိုးကောင်းလယ်များဖြစ်သော ဝါးတောများပေါပြီး
ဆန်စပါးပဲမျိုးစုံနှင့် နှမ်းအထွက်များသော ဒေသဖြစ်သကဲ့သို့ အုပ်ချုပ်ရေးဒေသ၏ အခြေခံမြို့တစ်မြို့လည်းဖြစ်ခဲ့ပါကြောင်း၊ ယခုအခါ မိုးခေါင်မှု များ ကြုံရသည့်အပြင် လယ်ကွင်းများတွင် ပက်ကြားအက်မှုများနှင့် နွေရာသီတွင် လူနှင့် တိရိစ္ဆာန်များ သောက်သုံးရေ ပြတ်လပ်သည်အထိ ကြုံတွေခဲ့ရပါကြောင်း၊ မိုးတွင်းတွင် အထက်ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းပါက ကော လင်းမြို့တွင် မိုးမရွာသော်လည်း ညသန်းခေါင်ကျော်အချိန်မှ ရေကြီးခြင်း မျိုး ကြုံတွေ့ခဲ့ရပါကြောင်း။ ၁၉၉၅ခုနှစ် အောက်တိုဘာလတွင် မိုးများသဖြင့် ကောလင်းမြို့နှင့် ဝန်းသိုမြို့နယ်များတွင် ရေကြီးမှုများဖြစ်ပေါ်ကာ လူအသေ အပျောက်ရှိသည်အထိ ရေကြီးနစ်မြုပ်ဒဏ်ကို ခံစားခဲ့ရပါကြောင်း၊ ၂၀၁၁-၁၂ခုနှစ်များတွင်လည်း တစ်မြို့လုံး၏ ငါးပုံလေးပုံခန့် အထိ ရေလွှမ်းမိုးမှုခံခဲ့ရကာ ယခုအချိန်ထိ နှစ်စဉ်နှစ်တိုင်း ရေနှစ်မြုပ်မှုဖြစ် လျက်ရှိပါကြောင်း၊ ယခု အခြေအနေအရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာလည်း ထိုဒေသနှင့်ပတ်သက်ပြီး အခြားစီမံကိန်းများ ဆောင်ရွက်နေသော်လည်း ကောလင်းမြို့နယ်၏ အောက်ဖော်ပြပါ လိုအပ်ချက်များကြောင့် ကောလင်းမြို့နယ် ၏အထက်ဝန်းသို မြို့နယ်ဧရိယာအစပ်လောက်တွင် ရေလှောင် တမံတစ်ခုတည်ဆောက်ပေးရန် မဖြစ်မနေလိုအပ်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့နယ်၏ ပတ်လည်ဒေသတောတောင်များ၊ အထက်ပိုင်းဒေသများမိုးကြီးပါက ကောလင်းမြို့နယ် ကျေးရွာများ နှစ်စဉ်ရေ နစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်ရန်၊ မိုးစပါး စိုက်ပျိုးရေး ရေခက်ခဲမှုများ ကြုံတွေ့ချိန်တွင် အထောက်အကူပြုနိုင်ရန်၊ မိုးကုန်လျှင် လယ်များ ရေခန်းခြောက်သဖြင့် ဆောင်းသီးနှံစိုက်ပျိုးခွင့် ဆုံးရှုံးနေရမှုများ အထောက်အကူပြုနိုင်ရန်၊ မြို့ပေါ်ရပ်ကွက်များ ကျေးရွာများရှိ ချောင်း၊မြောင်းရေများ ခန်းခြောက်ခြင်း အပေါ်မြေဆီလွှာ များ ရေခန်းခြောက်ခြင်းများကြောင့် ရေတွင်းများ ရေမထွက်ခြင်း သောက်ရေသုံးရေ ပြတ်လပ်မှုများ ဖြစ်ပေါ်ခြင်းနှင့် ပင်မချောင်းကြီးများကို မှီခိုဖြစ်ထွန်းခဲ့ရတဲ့ နွေသီးနှံပင်များ စိုက်ပျိုးခွင့် နည်းပါးလာရာမှ လုံးဝ ရပ်တန့်သွားခြင်း များကို ပြန်လည်ရှင်သန်ခွင့် ရနိုင်ရန်အတွက် ရေလှောင်တာတမံ စီမံကိန်းတစ်ခုခု ကို နိုင်ငံတော်မှ ဆောင် ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။