(က)ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်မည်သို့ ညှိနှိုင်းဆောင်ရွက်နေသည်နှင့်စပ်လျဉ်း သည့်မေးခွန်း
မိမိတို့နိုင်ငံတွင် သယံဇာတ ထုတ်ယူရောင်းချခြင်းများကို လျှော့ပေါ့ပြီး ပတ်ဝန်းကျင်နိုင်ငံများကဲ့သို့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း၍ ခရီးသွား လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ သဘာဝအလှကို နိုင်ငံ တကာက သိအောင် ပြသနိုင်ရေးအတွက် မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ ပတ်ဝန်းကျင်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံတွင် ၎င်းတို့၏ကျွန်း နိုင်ငံလေးတွင် ရှိသော Santosa ကျွန်းကိုပြုပြင်ပြီး ငါးပြတိုက်များ၊၊ Dolphin ပြခန်းများအပြင် ညဘက် သဲသောင်ပြင်အလှအပများ စသဖြင့် နိုင်ငံခြားဝင်ငွေ ရရှိရန် ဆောင်ရွက် ထားတာတွေကို တွေ့ရှိရပါကြောင်း၊ မလေးရှားနိုင်ငံတွင် ဂျစစ်ဟိုင်း လစ်တောင်ပေါ်ဒေသ၏ ပတ်ဝန်းကျင်သစ်တောကို ပြုပြင်ပြီး သစ်တောကြီးပမာ ထိန်းသိမ်းကာ နိုင်ငံတကာ စိတ်ဝင်စားဖွယ် အားကစားနည်းများ ဖန်တီးခြင်း၊ ထိုင်းနိုင်ငံတွင် Bangkok Garden ကဲ့သို့ နေရာမျိုးများတွင် တိရိစ္ဆာန်ပြပွဲများ၊ ပန်းအလှပြပွဲများဖြင့် နိုင်ငံတကာမှ စိတ်ဝင်စားအောင် လုပ်ဆောင် ပြသခြင်း များကို တွေရှိရပါကြောင်း၊ အထူးသဖြင့် အဆိုပါ နေရာများတွင် ပြခန်းများကို တာဝန်ပြုလုပ်ကိုင်နေသော အလုပ်သမား ၁၀၀၀ ကျော်အနက် ထားဝယ်ဘက်က မြန်မာအလုပ်သမား ၆၀၀ ကျော်ရှိသည်သာမက Japanနိုင်ငံ၊ နာတွတ်တွင်လည်း မြန်မာအလုပ်သမား အများအပြားရှိနေပါကြောင်း၊ အဆိုပါ အလုပ်သမားများ သည် လုပ်ငန်းကျွမ်းကျင်သော အလုပ်သမားများဖြစ်သည့်အတွက် မိမိတို့နိုင်ငံတွင် ၎င်းလုပ်ငန်းများ ထူထောင်ပေးရန်သာ လိုအပ်မည်ဖြစ်ရာ ခရီးသွားလုပ်ငန်းများကို မြှင့်တင်ပေးရန် အရေးကြီးပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့့်် ပတ်သက်၍လည်း မြန်မာနိုင်ငံသည် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအလှတရားများ၊ သယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို နိုင်ငံတကာမှလည်း အသိအမှတ်ပြုလာပြီ ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၂၅၀ ကျော်ရှိ ဗြိတိန်၏ သက်တမ်းရင့် ခရီးသွား လုပ်ငန်းစုက မြန်မာ၏ ထိပ်တန်းခရီးစဉ် ၆ ခု ကြေညာထားသည်ကို သိရှိရပါကြောင်း၊ ပတ်ဝန်းကျင်နိုင်ငံများတွင် ခရီးသွားလုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိရာ၌ ခရီးသွားများ စိတ်ချမ်းမြေ့စွာ သွားလာ လည်ပတ်နိုင်ရေး၊ ဒေသန္တရဗဟုသုတရရှိရန် ထင်ရှားသည့်နေရာများနှင့် ဒေသထွက်ကုန် အရောင်းဆိုင်များသို့ ပို့ဆောင်ပေးခြင်း စသည့် အစီအစဉ်များကို ခရီးစဉ်များတွင် ထည့်သွင်းထားသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့ နိုင်ငံတွင်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနမှ မည်ကဲ့သို့သော အစီအစဉ်များကို မည်သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။