(ဆ)မြောင်မြို့နယ်အတွက်အရေးတကြီးလိုအပ်နေသည့် မီးသတ်ကားတစ်စီး ရရှိရေးအတွက်မည်ကဲ့သို့ စီစဉ်ထားကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြောင်မြို့နယ်၏ မီးပေးကြိုတင်ကာကွယ်ရေးအတွက် လက်ရှိ ၃ ယူနစ် မီးသတ်တပ်ဖွဲ့တွင် မီးသတ်ကား ၂ စီးရှိသော်လည်း ယင်းတို့မှာ အမည်ခံ သာ ဖြစ်နေပါကြောင်း၊ ယင်းမီးသတ်ကားများသည် ၁၉၇၅ ခုနှစ် လမ်းစဉ်ပါတီ ကာလတွင် ဟီးနိုးကားဖရိန်ဝယ်ပြီး ဒေသအစီအစဉ်ဖြင့် ကန်ရိုက်၍ တင် ထားသော ရေသယ်ကားတစ်စီးနှင့် ၂၀၀၉ ခုနှစ်တွင် မြို့နယ်အတွင်း ရှိ ကျေးရွာ များမှ ဝိုင်းဝန်းထည့်ဝင် စုဆောင်းငွေဖြင့် ဝယ်ယူထားသော ရေဂါလံ ၁၁၀၀ ဆန့် ပြည်တွင်းစက်မှုဇုန်ထုတ် မီးသတ်ကား တစ်စီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းမီးသတ်ကားများဖြင့် မီးငြိမ်းသတ်ရာတွင် အခက်အခဲရှိသောကြောင့် နီးစပ်ရာမြင်းမူ၊ ချောင်းဦးမြို့များသို့ အကူအညီတောင်းမှသာ မီးကိုနိုင်နိုင်နင်းနင်း ငြိမ်းသတ်နိုင်သော အနေအထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြောင်မြို့နယ်တွင် မလွဲမသွေ လိုအပ်နေသော မီးသတ်ကား ၁ စီး ရရှိရေးအတွက် သက်ဆိုင် ရာပြည်ထောင်စုဝန်ကြီးဌာနမှ မည်ကဲ့သို့ စီစဉ် ပေးထားကြောင်းနှင့် မည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။