(ဇ)ဝှေနောင်ရွာကိုမြေလွတ်မြေရိုင်းဟု သတ်မှတ်နိုင် ပါသလား၊သတ်မှတ်နိုင်ပါလျှင် မြေယာစီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကိုသိရှိလို ပါကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးစိုင်းသန်းနိုင် (ဖာပွန်)ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ၊်၊ ဇာတမြို့နှင့် ၂ မိုင်ခန့် အကွာတွင် ဒေသခံ ကယားလူမျိုးများ နေထိုင်သော အိမ်ခြေ ၄၀ ခန့်နှင့် မူလ တန်းကျောင်း တစ်ကျောင်း၊ ရွာဦးဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စေတီ တစ်ဆူ တည်ရှိသော ကရင်နီရွာ (ခေါ်) ဝှေနောင်ရွာ ရှိပါကြောင်း။ ယင်းရွာ သည် ၁၉၇၂ ခုနှစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြန်တမ်းတွင် အမည်ပေါက်ခဲ့သော ရွာတစ်ရွာဖြစ်ခဲ့သော်လည်း ၁၉၉၁ ခုနှစ်တွင် ယင်းရွာမြေအားလုံးကို တပ်ပိုင်မြေ အဖြစ် သိမ်းယူရာတွင် ပြည်ထဲရေးဝန်ကြီးဌာန မှ မြေလွတ်မြေရိုင်း အဖြစ် ဖော်ပြ၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ အခမဲ့ လွှဲပြောင်းပေးခဲ့သည် ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း။

ယင်းရွာသူရွာသားများအနေဖြင့် မြေလွတ်မြေရိုင်းအဖြစ်ဖော်ပြခြင်း၊ လွှဲပြောင်းပေးခြင်း ခံရသည့်အတွက်မည့် သည့် မြေလျော်ကြေး၊ ပြောင်းရွှေ့ကြေး၊ နစ်နာကြေးကိုမျှ မရရှိခဲ့ဘဲ ချောင်းကမ်း နဘေး မြေနိမ့်ရှိ ၎င်းတို့ပိုင်ယာခင်း၊ ကိုင်းခင်းများတွင် အိမ်ရာတည်ဆောက်၍ နေထိုင်ခဲ့ကြရပါကြောင်း၊ နှစ်စဉ် မိုးကြီးပြီး ချောင်းရေများလျှံ တက်လာသည့် အခါ ရေဘေးဒုက္ခကို တွေ့ကြုံခံစားနေရပါကြောင်း၊ ထို့ကြောင့် ရှေးနှစ်ပေါင်းများစွာကတည်း က ကျေးရွာ တည်ထောင် နေထိုင်လျက်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ် ပြန်တမ်းတွင် အမည်ပေါက် လျက်ရှိသော ဝှေနောင်ရွာကို မြေလွတ်မြေရိုင်းဟု သတ်မှတ်နိုင်ခြင်းရှိ/မရှိနှင့်  သတ်မှတ်နိုင်ပါက ယင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မည်သို့ရှိသည်ကို သိလိုကြောင်း မေးမြန်းပါသည်။