(ဂ)ကျိုင်းတုံ-မိုင်းခတ်အကြားကားလမ်းဘေး တစ်လျှောက် နေထိုင်ကြသော၂၄မိုင်ရွာ၊၂၆မိုင်ရွာ၊ ၂၈မိုင်ရွာနှင့် ဟွေဟုတ်ရွာ၊ဟွေဖားရွာ၊ နမ့်ကာရွာ၊ ဝမ်းထန်လုရွာတို့ရှိ ရွာသူရွာသားများကိုနိုင်ငံသား စိစစ်ရေး ကဒ်ပြားပြုလုပ် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ကျိုင်းတုံ-မိုင်းခတ် ကားလမ်းဘေးတစ်လျှောက် ၂၄ မိုင်၊ ၂၆ မိုင်၊ ၂၇ မိုင်၊ ၂၈ မိုင်နှင့် ဟွေဟုတ်ရွာ၊ ဟွေဖားရွာ၊ ဦးစတီဖန် (ကျိုင်းတုံ)ဝမ်ထန်လုရွာနှင့် နမ့်ကာရွာတို့တွင်နေ ထိုင်ကြသော ပြည်သူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိကြသည့် အတွက် မိုင်းခတ်သို့လည်းကောင်း၊ ကျိုင်းတုံသို့လည်းကောင်း ခရီးသွားလာခွင့် မရနိုင်ပါကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ခရီးသွားလာနိုင်ခြင်း မရှိသည့်အတွက် ၎င်းတို့၏ စားဝတ်နေရေးအတွက် သော်လည်းကောင်း၊ လယ်ယာ လုပ်ငန်းခွင် သွင်းရန်အတွက် သော်လည်းကောင်း၊ လိုအပ်သောပစ္စည်း ကိရိယာများကို ဝယ်ယူရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများမရခြင်းမှာလဲ ၂၀၀၇ ခုနှစ်တွင် အထက်ပါရွာများကို မိုင်းလတ်အထူးဒေသအုပ်စုထဲသို့ ထည့်သွင်းဖွဲ့စည်းလိုက်ရာ မိုင်းလတ် အထူးဒေသတွင် အစိုးရရုံးများ၊ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ လဝကများ မရှိကြသည့်အတွက် မှတ်ပုံတင်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ မရခြင်းဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ အထက်ပါ ၈ ရွာတွင်နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြု လုပ်ပေးနိုင်ခြင်း ရှိ/မရှိ၊ ပြုလုပ်ပေးနိုင်မည်ဆိုပါက မည်သည့်ကာလတွင် ပြုလုပ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းနှင့် ပြုလုပ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက် ပြုလုပ်ပေးနိုင်ခြင်းမရှိကြောင်းကို သိရှိလိုပါကြောင်း။

ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေးရပ်နားထားချိန်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး ကျိုင်းတုံသို့ ရောက်ရှိခဲ့ပြီး ၃-၉-၂၀၁၃ ရက်နေ့ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ တွင် ဤမေးခွန်းအား နှုတ်ဖြင့်တင်ပြခဲ့ရာမှာ ဥက္ကဋ္ဌကြီးမှ လမ်းညွှန်မှာကြားခဲ့သည်များလဲ ရှိပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားရှိသည်ကို လည်းကောင်း၊ မည်သည့် အဆင့်အထိ ဆောင်ရွက်ထားရှိသည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်း ပါသည်။