(က)-ရန်ကုန်မြို့နှင့် မန္တလေး မြို့ရှိ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးများ၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများမှာ အားနည်းချက် များရှိနေသည် နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲသည့်ကဏ္ဍတွင် ဥပဒေပြုရေးတာဝန်ယူထားသော မိမိတို့ လွှတ်တော်များအနေဖြင့် နိုင်ငံတော်/နိုင်ငံသားများအကျိုးအတွက် ခေတ်စနစ်နှင့်လျာ်ညီမည့် ဥပဒေများ ထွက်ပေါ်လာရန် ဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ရေးဆွဲခြင်းများ၊ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အုပ်ချုပ်ရေးပိုင်းအနေဖြင့် ပြည်သူများ ဥပဒေ၏ အကျိုးသက်ရောက်မှုကို လက်တွေ့ကျကျဖြင့် လျင်လျင်မြန်မြန် ခံစားရစေရန် သတ်မှတ်ထားသည့် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေများကို ထုတ်ပြန်ပေးရန် တာဝန်ရှိပါကြောင်း၊ ယနေ့အချိန်သည် သတ်မှတ်ကာလပြည့်ပြီး မထုတ်ပြန်ရသေးသည် နည်းဥပဒေများကိုလည်း ပြည်သူများက စောင့်မျှော်နေသည့်အချိန်ကာလ ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍတွင် Double D ပြောသည့် Democracy နှင့် Development နှစ်ခုသည် တွဲ၍မရဘဲ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး ရေချိန်အရ ရှေ့/နောက်အလှည့်ကျ သွားရသည့်ကာလဖြစ်ပါကြောင်း၊ ဥပဒေနှင့် နည်းဥပဒေများ ရှိသော်လည်း အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အားနည်းမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အားနည်းမှု၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေသေးမှုစသည့် အားနည်းချက်များရှိနေသေးသည့် စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရုံးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသော မြေအဆောက်အဦပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် Special Power, General Power ဆောင်ရွက်ပေးသည့်ရုံး ဖြစ်ပါကြောင်း၊ ထိုရုံး၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ယနေ့အတိုင်းပဲ ထားပြီးတော့ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက (၁) တရားမဝင်ငွေကြေးပေးဆောင်ရမှု၊ (၂) ရက်ပေါင်းများစွာ ကြာမြင့်သည့်အတွက် အချိန်တိုအတွင်း လုပ်ငန်းပြီးစီးစေရန် ရုံးအတွင်းရ့ ပွဲစားများစွာနှင့် အခကြေးငွေပေးပြီး လုပ်ဆောင်ရမှု၊ (၃) နေ့လည် ၁၂ နာရီနောက်ပိုင်းတွင် VIP ချိန်သတ်မှတ်ထားသည့်အတွက်ကြောင့် ပြည်သူများကို ဝန်ဆောင်မှု မပေးမှု၊ (၄) Special Power, General Power များကို သတ်မှတ်ကာလပြည့်သော်လည်း ပါဝါလွှဲပြောင်းမှု မပြုခြင်းများဖြစ်ပေါ်နေမှု၊ (၅) Special Power သက်တမ်းတိုးသည့်ကိစ္စများတွင် မူလပိုင်ရှင် သို့မဟုတ် ကြားခံများကို ဆောင်ရွက်ပေးနေမှု၊ (၆) အမည်ပေါက်ရယူရန်အတွက် ဂရန်ထုတ်မည့်ကိစ္စများတွင် မြေအဆောက်အအုံကို မျက်မြင်မရှိဘဲ ဆောင်ရွက်သည့် ရာဖြတ်များ၏ အားနည်းမှုကြောင့် နိုင်ငံတော်၏အခွန်များ များစွာနစ်နာနေမှု၊ (၇) ပိုင်ဆိုင်မှု ကိစ္စများတွင် အခက်အခဲတွေ့ကြုံမှု စသည့်အားနည်းချက်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ရုံး၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍများကို ပြန်လည်စိစစ်ပြီး လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲခြင်း၊ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။