(င)-စစ်ကိုင်းမြို့နယ်၊ မင်းကွန်း ယဉ်ကျေးမှုဒေသမှ တစ်နှစ်လျှင်ဝင်ငွေမည်မျှရရှိ၍ ရရှိသော ဝင်ငွေအား မည်သို့ခွဲဝေသုံးစွဲသည် နှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၉၆ ခုနှစ် ဧပြီလမှစ၍ မင်းကွန်းယဉ်ကျေးမှုဒေသကို လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားများအား မင်းကွန်းဒေသဖွံ့ဖြိုးရေးအစီအစဉ်နှင့် နိုင်ငံခြားသားတစ်ယောက်လျှင် နိုင်ငံခြားငွေ သုံးဒေါ်လာကို မင်းကွန်း စက်တော်ရာဘုရားအနီးတွင် ရုံးဖွင့်ပြီး စတင်ကောက်ခံခဲ့ကြပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်၌ ရန်ပုံငွေကို တစ်ဝက်စီခွဲဝေသတ်မှတ်၍ သဘောတူဆောင်ရွက်ခဲ့ရာ နှစ်နှစ်နီးပါးခန့် ကောင်းမွန်စွာဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၀၂-၂၀၀၃ ခုနှစ်မှစပြီး၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ အပြီးအပိုင်ကောက်ခံပြီး နိုင်ငံခြားငွေ သုံးဒေါ်လာမှ မြန်မာငွေကျပ် သုံးထောင်သို့ ပြောင်းလဲကောက်ခံခဲ့ပြီး ၂၀၁၄ ခုနှစ်သို့ ရောက်ရှိခဲ့သော်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ မင်းကွန်းဒေသ ဘက်စုံဖွံ့ဖြိုးရေးကို ထင်သာမြင်သာ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘဲ မင်းကွန်းဒေသမှ နိုင်ငံခြားဝင်ငွေသည် နိုင်ငံတော်သို့ ရောက်/မရောက်ပင် မသိရှိရကြောင်း၊ မင်းကွန်းဒေသတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိသည့် အပြင် ယဉ်ကျေးမှုနယ်မြေဟု သတ်မှတ်သည့် ဧရိယာအတွင်း သန့်ရှင်းရေးများ မလုပ်နိုင်ဘဲ ခြင်္သေ့ကြီး၊ ပုထိုးတော်ကြီးတို့တွင် ချုံ၊ နွယ်၊ ပိတ်ပေါင်းများ ရှိနေပါသဖြင့် သန့်ရှင်းရေးလုပ်သား အင်အားတိုးပေးရန် အစီအစဉ်ရှိ/မရှိ၊ မင်းကွန်းယဉ်ကျေးမှုဒေသ နိုင်ငံခြားသားများထံမှ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တစ်နှစ်လျှင် ဝင်ငွေမည်မျှရရှိ၍ ရရှိသောဝင်ငွေအား မည်သို့မည်ပုံခွဲဝေသုံးစွဲနေသည်ကို သိရှိလိုပါကြောင်းနှင့် ၎င်းဝင်ငွေအား မင်းကွန်းယဉ်ကျေးမှုသတ်မှတ်နယ်မြေအတွင်း ခွဲဝေသုံးစွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။