(ဃ)- အရက်ဆီ သက်သက် မဖြန့်ဖြူးဘဲ သုံးဆောင်နိုင်သောအခြေအနေရောက်မှဖြန့်ဝေရာင်း ချသင့်ကြောင်းနှင့်အရက်ဆီကိုယ်စားလှယ်ပေးခြင်း ကို ရပ်တန့်ပေးပါရန် စပ်လျဉ်းသည့် မေးခွန်း
ယခုမေးခွန်းမှာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်သောမေးခွန်းဖြစ်မည်ဟု ထင်မြင်မိပါကြောင်း၊ အကြောင်းမှာ ယခင် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် အရက်များကို သယ်ယူမှုလွယ်ကူစေရန်နှင့် ခရီးစရိတ်သက်သာစေရန် အရက်ဆီ များအဖြစ်ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။ ယင်းအရက်ဆီများကို BEDC အရက်ဖြူဖြစ်အောင် ရေနှင့် အချိုးကျရောစပ်ပြီး ကိုယ်စားလှယ်များမှတစ်ဆင့် သောက်သုံးသူများထံသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။ ယခုအခါတွင် စက်မှုဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနကိုလွဲပြောင်းပြီး ထိုမှတစ်ဆင့် ပုဂ္ဂလိကစက်ရုံများကို လိုင်စင်များ ခွင့်ပြုထားကြောင်း သိရှိရပါသည်။ ယင်းအရက်ဆီများကို ထုတ်လုပ် ရောင်းချနေရသည့် အကြောင်းရင်းမှာလည်း သောက်သုံးသူများအား အန္တရာယ်ကင်းရှင်းစွာနှင့် သောက်သုံးနိုင်စေရန် ဖြစ်ပါကြောင်း၊ အခုအခါမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ပုဂ္ဂလိကစက်ရုံများမှ ထုပ်လုပ်သည့် အရက်များမှာ ပိုမိုဆိုးရွားလာပါကြောင်း၊ အရက်ပြတ်စေရန် Methanol များရောပြီး ရောင်းချခြင်း၊ အလွယ်တကူ သယ်ယူသောက်သုံးနိုင်စေရန် ပလပ်စတစ် အိပ်များဖြင့်ထည့်၍ ရောင်းချခြင်း များကြားသိနေရပါသည်။ ယင်းကိစ္စရပ်များကို မိမိတို့အနေဖြင့် ကြီးကြပ်ရေးအဖွဲ့များဖြင့် သေချာစွာ စစ်ဆေးကြပ်မတ်ခဲ့ပါကြောင်း၊ လူငယ်များ အနေဖြင့် ခရီးသွားချိန်များတွင် အရက်ဆီများကို ရေဖြင့်ရော၍ ချက်ချင်းသောက်သုံးခြင်းများကိုလဲ ကြုံတွေ့ နေရပါကြောင်း၊ ထိုသို့ သောက်သုံးသည့်အတွက်ကြောင့် အသည်းပျက်စီးခြင်းကဲ့သို့သောရောဂါများဖြင့် အသက်အန္တရယ်ထိခိုက်ကာ အမြန်သေဆုံးကြရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆင်းရဲသော ပြည်သူများအတွက် အန္တရာယ်ကင်းစေရန်၊ ဈေးနှုန်းသက်သာစေရန် ထုတ်လုပ်ခဲ့သော်လည်း ပြည်သူများအနေဖြင့် ပိုမိုဆိုးရွားသော အခြေအနေဖြင့် ကြုံတွေ့နေကြရပါကြောင်း။
သို့ပါ၍ ပုဂ္ဂလိက အရက်ချက်စက်ရုံများမှ တစ်ပြည်လုံးဖြန့်ဖြူးနေသော အရက်ဆီများကို အရက်ဆီ သက်သက် မဖြန့်ဖြူးဘဲ အန္တရာယ်ကင်းစွာ သောက်သုံးနိုင်သော အခြေအနေရောက်မှ ဖြန့်ဝေရောင်းချရန် အစီအစဉ်ရှိမရှိနှင့် အန္တရယ်ကင်းသည့် နိုင်ငံခြားအရက်များအား ဈေးလျော့ပြီးရောင်းချရန် အစီအစဉ် ရှိမရှိသိရှိ လိုကြောင်း မေးမြန်း ပါသည်။