(စ)- စစ်ကိုင်းမြို့၊ရွာသစ်ကြီးအမှတ်(၃)အထည် စက်ရုံအားဖျက်သိမ်းရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

ရွာသစ်ကြီး အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)သည် ၁၉၇၀ ခုနှစ်က စတင်ဆောက်လုပ်ပြီး ၁၉၇၂ ခုနှစ်မှ ကုန်ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၇၀ ခုနှစ် စီမံကိန်း ကာလမှ စတင် တာဝန်ထမ်း ဆောင်နေကြသော ဝန်ထမ်းများသည် နီးစပ်ရာကျေးရွာများနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဖြစ်ကြကြောင်း၊ အဆိုပါဝန်ထမ်းများသည် စက်ရုံတွင် တာဝန်ထမ်းဆောင်ပြီး ဝန်ထမ်းအိမ်ရာများတွင် မှီခိုနေထိုင်ကြ ပါကြောင်း၊  ၎င်းတို့၏ သားသမီးများသည်လည်း အလုပ်အကိုင်ရှားပါး မှု၊ နေထိုင်မှုအိမ်ရာပြဿနာများကြောင့် စက်ရုံတွင် ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့ကြပြီး စက်ရုံမှ အနားယူသွားသော ပင်စင်စားမိအိုဖအိုများ၊ ၎င်းတို့ သားသမီးများအတွက် စားဝတ်နေရေး အဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ရယူနေထိုင်ခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အထည်အလိပ် လုပ်ငန်းများကို ပုဂ္ဂလိကသို့ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင် ရွက်ခြင်း၊ ဖျက်သိမ်းခြင်းများ ဖြစ်ပေါ် လုပ်ဆောင်လျက် ရှိရာ အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)အား ဖျက်သိမ်းရပ်နား ဖြစ်ပေါ်ခဲ့ပါက နီးစပ်ရာကျေးရွာများမှ တာဝန်ထမ်း ဆောင်သောဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာတွင်နေ ထိုင်ရသော မိသားစု ၄၀၀ ခန့်၊ လူဦးရေ ၁၇၀၀ ယောက်ခန့်အတွက် စားဝတ်နေရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါကြောင်း ၊ ဝန်ထမ်းအများစု၏ ဝင်ငွေနည်းပါးမှုကြောင့် အခြားစက်ရုံ အလုပ်ရုံများသို့ မိသားစုလိုက်ပြောင်းရွှေ့ရန် မဖြစ်နိုင်သည့်အပြင် ဝန်ထမ်းအိမ်ရာများတွင် မှီခိုနေထိုင်သော အိမ်ထောင်စု ၄၀၀နှင့် မှီခိုသူ ၁၇၀၀ ခန့်သည်  ဆက်လက်နေထိုင်စရာမရှိတော့သည့်အတွက် စက်ရုံရပ်နား ဖျက်သိမ်းပြီးပါက ဝန်ထမ်း မိသားစုများ၏စားဝတ်နေရေး အလုပ်အကိုင် အခွင့်အလမ်းများ အမြန်ဆုံး ဖန်တီးပေးနိုင်ရန် လိုအပ်လာမည်ဖြစ်ပါကြောင်း ၊ ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ကြားနိုင်ရေးအတွက် အ-လ-က အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း) ကျောင်းအား စက်ရုံဖျက်သိမ်းသော်လည်း ကျောင်းကိုမဖျက်သိမ်းပဲ ထားရှိရန် လိုအပ်လာမည် ပါဖြစ်ကြောင်း၊ ထိုသို့သော အခြေအနေများကြောင့် စက်ရုံအလုပ်သမားများသည် စက်ရုံဖျက်သိမ်းမည့်သတင်းများ ထွက်ပေါ် နေခြင်းအပေါ်  စိုးရိမ် ပူပန်မှုများရှိလာပါကြောင်း၊ ထို့ကြောင့် အမှတ်(၃) အထည်စက်ရုံ(စစ်ကိုင်း)အား ရပ်နားဖျက်သိမ်းရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။