(ဂ)-မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံပိုင် CNPCကုမ္ပဏီနိုင်ငံတော် အစိုးရတို့ပူးပေါင်း လုပ်ဆောင်နေသည့်ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ မြစ်တွင်းရေလမ်းကြောင်းရှင်းလင်းမှု လုပ်ငန်းများနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

သဘာဝပတ်ဝန်းကျင်ကို စက်မှုပတ်ဝန်းကျင်အဖြစ် ပြုပြင်ပြောင်းလဲ လိုက်သည့် အတွက်ကြောင့် မူလဒေသခံများ ထိခိုက်နစ်နာမှုများရှိလာခြင်း၊ ယင်း ထိခိုက် နစ်နာမှုများ အတွက် မူလ ဒေသခံတွေကို မည်သို့ ကူညီဖြေရှင်းကြမည်နည်း။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီက စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူလုပ်ကိုင်ပြီး ရခိုင်ပြည်နယ် ရွှေသဘာဝ ဓာတ်ငွေ့သိုက်မှထွတ်သော သဘာဝဓာတ်ငွေ့ကို သန့်စင်ရန်အတွက် ကျောက်ဖြူမြို့ အနောက်တောင် ဘက် ၇ မိုင်ခန့်အကွာရှိ မလိုက်ကျွန်းကျေးရွာတွင် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ တည်ဆောက်ပြီး ယင်းစက်ရုံမှ ထွက်ရှိသော သန့်စင်ပြီး ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားမှ တင်သွင်း လာသော ရေနံစိမ်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ရေနက်ဆိပ်ကမ်းတစ်ခုကိုလည်း ကျောက်ဖြူမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ မဒေးကျွန်းတွင် ထပ်မံတည်ဆောက်လျက်ရှိပါသည်။ မလိုက်ကျွန်းကျေးရွာရှိ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံမှရရှိသော သန့်စင်ပြီးဓာတ်ငွေ့များနှင့်အတူ နိုင်ငံခြားတိုင်းပြည် များမှ ရေနံစိမ်းများနှင့်အတူ တရုတ်နိုင်ငံသို့ ပိုက်လိုင်းများမှတစ်ဆင့် တင်ပို့မည်ဖြစ်သည်။ ထိုသို့တင်ပို့နိုင်ရန်အတွက် မဒေးကျွန်းဒေသရှိ တရုတ်နိုင်ငံ၊ ယူနမ်ပြည်နယ်အထိ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း သွယ်တန်းထားပြီးဖြစ်သည်။ ပိုက်လိုင်းများ သွယ်တန်းခဲ့သည့်အတွက် ကျောက်ဖြူမြို့နယ်အပါ အဝင် နိုင်ငံတစ်ဝန်း လုံးရှိ ပိုက်လိုင်း ကျရောက်ရာ ဒေသ များမှမြေများကို သိမ်းယူခဲ့သည်များလည်းရှိပါသည်။ မြေသိမ်းမှုများ အတွက် လျော်ကြေးငွေ ရကြသော် လည်း ဒေသတိုင်းတွင် မကျေနပ်မှုများရှိသည်ကို ကြားသိ နေကြရပါသည်။ ထို့ပြင် ပိုက်လိုင်းများ မြှုပ်နှံရန် အတွက် တူးဖော်လိုက်သောမြေကြီးများ၏ ဘေးတစ်ဖက် တစ်ချက် လယ်မြေများကို ဖုံးလွှမ်းသွားသည့်အတွက် ပျက်စီးသွားသော လယ်မြေတွေအတွက် ထိုက်တန်သော လျော်ကြေးများ မရရှိသည်ကိုလည်း ကြားသိနေရပါသည်။

မဒေးကျွန်းဒေသရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းရန်အတွက် မြေသိမ်းခြင်း၊ ရေနက် ဆိပ်ကမ်းတည်ဆောက်ရန်နှင့် အခြားလုပ်ငန်းများအတွက် မြေသိမ်းခြင်းများလည်းရှိပါသေးသည်။ ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းအတွက် ရေလမ်းကြောင်းအတားအဆီးများကို ဖျက်သိမ်းရခြင်း အတွက်ကြောင့် သော် လည်းကောင်း၊ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန်အတွက် သော် လည်းကောင်း နေရာ ဆုံးရှုံးမှုတို့ကြောင့် ဒေသခံပြည်သူများ၏ လယ်ယာလုပ်ကွက်များ၊ ငါးဖမ်းလုပ်ကွက်များ ပျက်စီးဆုံးရှုံးသွားခဲ့ကြရပြီး အလုပ်လုပ်မဲ့များ ဖြစ်သွားကြရပါကြောင်း၊ ယင်းဒေသ၌ တည်ဆောက်နေသော စက်ရုံနှင့် လုပ်ငန်းများမှာ ဘဝအာမခံချက်ရှိသော အလုပ်အကိုင်များကိုလည်း ဒေသခံများ မရရှိကြပါကြောင်း၊ မဒေးကျွန်းဒေသခံများအနေဖြင့် နစ်နာဆုံးရှုံးမှုများကို မကျေနပ်သည့်အတွက် ကြောင့် ဒေသအုပ်ချုပ်ရေးအဖွဲ့မှာ မိမိတို့၏ လိုလားချက်များကို ခွင့်ပြုချက်ဖြင့် ဆန္ဒပြတောင်းဆို ခဲ့ကြပါကြောင်း၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဆောင်ရွက်နိုင်စွမ်းရှိသလောက် ဆောင်ရွက်ပေးကြသော်လည်း မပြေလည်မှုများမှာ ယခုတိုင်ရှိနေပါသေး သည်။

အချို့ဒေသခံပြည်သူများမှာ မိမိတို့လိုလားချက်များကို ဆန္ဒဖော်ထုတ်ရန် လျှောက်ထားခဲ့ကြရာ ၁၈-၄-၂၀၁၃ ခုနှစ်တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သည့်အတွက် မဒေးကျွန်းကျေးရွာအုပ်စုမှ ရွာသား ၁၀ ဦးကို စီတန်းလှည့်လည် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ကျောက်ဖြူမြို့နယ် တရားရုံးပြစ်မှုကြီးအမှတ် (၁၁၂/၂၀၁၃) မှာ တရားစွဲဆိုပြီး လွန်ခဲ့သော ၂၆-၉-၂၀၁၃ နေ့တွင် ထောင် ၃ လ ချမှတ်ခဲ့ပါကြောင်း၊

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ (က) နှင့် (ခ) နိုင်ငံသားတိုင်းသည် မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ချက်များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ စီတန်းလှည့်လည်ခွင့် တို့ရှိကြောင်း ပြဋ္ဌာန်းထားသော်လည်း စီတန်းလှည့်လည်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မ ၁၈ နှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဟုဆိုကာ မဒေးကျွန်းဒေသခံပြည်သူများအပြင် အခြားဒေသများမှလည်း တရားစွဲဆို ထောင်ချခံရသည်များလည်း ရှိနေကြပါကြောင်း။

ထိုကဲ့သို့ ထောင်ကျခံရသည့်အကြောင်းမှာ မိမိအနေဖြင့် မိမိမဲဆန္ဒနယ်သို့ ပြန်ရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ခရိုင်မှူးအနေဖြင့်လည်း “ဒေသခံတွေဆန္ဒပြဖို့ တောင်းဆိုတယ်။ မြို့နယ်၊ ခရိုင်တို့ကခွင့်ပြုချက်မပေးနိုင်သော အခြေအနေနှင့် ကြုံရသည့်အတွက်ကြောင့် ဒါတွေကို လွှတ်တော် ကိုယ်စားလှယ်ကြီးအနေနဲ့ ဘာများကူညီဆောင်ရွက်ပေးနိုင်မလဲ” လို့ မေးမြန်းခဲ့ရာ မိမိအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လုပ်ငန်းရှင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါစေပြီး မဒေးကျွန်းမှ ဒေသခံများနှင့် သွားရောက်တွေ့ဆုံခဲ့ရာ ဒေသခံများမှ တောင်းဆိုချက် ၉ ချက် တင်ပြတောင်းဆိုခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါတောင်းဆိုချက် ၉ ချက်ကိုတစ်ထိုင်တည်းနှင့် မဖြေရှင်းပေးနိုင်သည့်အတွက် နောက်ပိုင်းတွင် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ကာ ယခုကဲ့သို့ တရားစွဲ၊ ထောင်ကျ ခဲ့ခြင်း ဖြစ်ပါကြောင်း။

ယခုလို ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဒေသခံ ၁၀ ဦးကို တရားစွဲဆိုပြီး ထောင်ချ လိုက်ခြင်းမှာ ဒေသခံများတွေကြုံနေရသောပြဿနာများကို ဖြေရှင်းပေးနိုင်သော အဖြေမဟုတ်ပါကြောင်း၊ ယခုကဲ့သို့ အရေးယူလိုက်ခြင်းမှာ ဒေသခံများ၏ အမြင်အရ  ခြိမ်းခြောက်အနိုင်ကျင့်ခြင်းများဖြစ်သည်ဟုသာ လက်ခံ ယုံကြည်ကြပါကြောင်း၊ မိမိအနေဖြင့် တရားစွဲဆိုခြင်းမှာ မှားသည်ဟု မပြောလိုသော်လည်း အားပေးထောက်ခံမှု မပြုလိုပါကြောင်း၊ တရားစွဲလိုက်သည့်အတွက် ဒေသခံပြည်သူများ၏ ဘဝအာမခံချက်ရရှိရေးကို အထောက်အပံ့ မပြုနိုင်ပါကြောင်း။

မဒေးကျွန်းဒေသရှိ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် နိုင်ငံတော် အစိုးရတို့ အကျိုးတူပူးပေါင်းမှုဖြင့် လုပ်ငန်းများလုပ်ကိုင်နေကြရာတွင် ဒေသခံပြည်သူများအနေဖြင့် အမှန် တကယ်မှီခိုအားထား အသက်မွေးဝမ်းကြောင်း ပြုနေကြသော လယ်ယာ၊ ဥယျာဉ်ခြံမြေနှင့် အခြားမြေများ၊ ငါးဖမ်းလုပ်ကွက်များ ပျက်စီးဆုံးရှုံးသွားကြသည်ကို CNPC ကုမ္ပဏီနှင့် နိုင်ငံတော်အစိုးရ အဖွဲ့အစည်းများမှ  နားလည်လက်ခံရန် လိုပါကြောင်း၊ အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်သောနည်းလမ်းများကိုသာ ရှာဖွေနိုင်ရန်လိုအပ်ပါကြောင်း၊ ဒေသခံများ၏ ဘဝရပ်တည်ရေးအတွက် အာမခံရှိသော၊ အထောက်အပံ့ဖြစ်စေသော အစီအမံများကို ဆောင်ရွက်ပေးသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများ ကိုမေးမြန်း လိုပါကြောင်း မေးမြန်းပါသည်။

  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီနှင့် နိုင်ငံတော် အစိုးရက သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရေနံစိမ်းတင်ပို့မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်း၊ မြစ်တွင်းရေကြောင်းလမ်းရှင်းလင်းမှုလုပ်ငန်း စသည် တို့ကြောင့် ဒေသခံ ပြည်သူများ၏ လယ်ယာမြေ၊ ဥယျာဉ်မြေနှင့် အခြားမြေများကို သိမ်းဆည်းခဲ့ရပြီး မြစ်တွင်း သဘာဝငါးဖမ်းကွက်များ၏ မူလအနေအထားများကိုလည်း ပြောင်းလဲမှုများ၊ ရေလမ်းကြောင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ရသည် ဆိုသည်မှာ မှန်ပါသလား။
  • လုပ်ငန်းများအတွက် သိမ်းဆည်းသည့် လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့် အခြားမြေများ လက်လွတ် ဆုံးရှုံးခဲ့ကြရသည့် ဒေသခံတောင်သူလယ်သမားများအတွက် လုံလောက်သည့် လျော်ကြေး ငွေများ အမှန် တကယ် ထုတ်ပေးပြီးဖြစ်ပါသလား။
  • ထုတ်ပေးပါက မည်ကဲ့သို့နည်းလမ်းများဖြင့် ထုတ်ပေးခဲ့ပါသနည်း။
  • ဒေသခံများ၏ ဘဝအာမခံချက်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်ပေးပါမည်နည်း။