(င)-ပြည်ပကုမ္ပဏီများအားကုန်းတွင်းလုပ်ကွက်များ ချထားပေးရာတွင် နတ်မောက်မြို့နယ်ပါဝင် သင့်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအလေးထားဆောင်ရွက်ရန်နှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

၃၀-၈-၂၀၁၃ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် The Voice သတင်းစာတို့တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက် ၁၈ ကွက်အတွက် စံနှုန်းသတ်မှတ်ချက် အောင်မြင်သောနိုင်ငံခြားကုမ္ပဏီ ၅၄ ခုအနက်မှ ၂၆ ခုသာ အဆိုပြုလွှာ ပြန်လည်တင်ပြလာသည့် သတင်းကိုလည်းကောင်း၊  ကုမ္ပဏီများ၏ လုပ်ကွက်များ လျှောက်ထားရာတွင် ကုမ္ပဏီတစ်ခုကို လုပ်ကွက် ၃ ခုအထိ လျှောက်ထားခွင့်ပြုထားသည့် သတင်းကိုလည်းကောင်း၊ လုပ်ကွက်သစ် ၁၅ ကွက်ကို ဖော်ပြထားသည့် သတင်းကိုလည်းကောင်း တွေ့ရှိရသော်လည်း ၎င်းဖော်ပြချက်များတွင် မိမိတို့မြို့နယ် မပါသည်ကို တွေ့ရှိရပါကြောင်း၊ နတ်မောက်မြို့၏  အနောက်ဘက် ရေနံချောင်းမြို့နယ် ၂ ခုနှင့် ထိစပ်နေသော ဝက်ချုပ်ကျေးရွာတွင် ဦးပိုင် ၃၁/၂ ဦးရွှေလှိုင်၏ ယာအတွင်း တွင် ရေနံအစမ်း တွင်းဟောင်း တွင်းအမှတ် (၁)၊  ဦးပိုင် ၇၇ ဦးဇာတေး၏ ယာအတွင်းတွင် တွင်းအမှတ် (၂) ဟူ၍ (၂)ခုရှိပါကြောင်း၊ ဒေသခံများ၏ ပြောကြားချက်အရ တွင်းအမှတ်(၂) ကို အင်္ဂလိပ် လက်ထက်နှင့် တွင်းအမှတ် (၁) ကို  အင်္ဂလိပ်နှင့် မြန်မာအစိုးရ မကွဲမီ BOC ခေတ်က ဘန်ကာကြီးများ၊  ဆေးရုံကြီးများနှင့် အလုပ်သမားတန်းလျား ၂ ခုခန့် ဆောက်၍ တူးဖော်ခဲ့ကြောင်း၊ ၎င်းတွင်းများကိုအင်္ဂလိပ်များက မြန်မာပြည်ကပြန်လည် ထွက်ခွာရမည့် အချိန်တွင် ပြန်လည် ပိတ်ထားခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါနယ်ရှိ ၎င်းတွင်းများသည် အရှေ့တောင်အာရှရှိ တစ်ခုတည်းသော ကုန်းတွင်းရေနံအိုင်ကြီးဖြစ်ကြောင်း၊ အကယ်၍တူးဖော်အောင်မြင်ပါက ကမ္ဘာအကြီးဆုံးရေနံတွင်းများအနက် တစ်ခုဖြစ်သော  ကုန်းတွင်း ရေနံနှင့်သဘာဝလုပ်ကွက်များဖြစ်မည်ဟု  လေ့လာ သိရှိရပါကြောင်း၊ နတ်မောက်မြို့ နယ်၏ အရှေ့မြောက်ဘက်ရှိ ထန်းတပင်ကျေးရွာ၊ ဦးစိုးဝင်း၏ယာကွင်းတွင် တွေ့ရှိသော ကွင်းအမှတ် ၉၂၅ တပ်အိုင်ကွင်း၌ အလားတူလုပ်ကွက်မျိုး တွေ့ထားကြောင်းနှင့် ဒေသခံများ၏ ပြောကြားချက်အရ ၎င်းအိုင်နှင့် တထပ်တည်းဖြစ်နေသည်ကို တွေ့ရှိပါကြောင်း၊ ၎င်းနေရာကိုလည်း ဂြိုလ်ထုက ရှာဖွေခြင်း၊ လေထုက တိုင်းတာခြင်း၊ ဒေသခံများကို အင်တာဗျူးလုပ်ခြင်းများ သြဂုတ်လအတွင်းက ပြုလုပ်သွားခဲ့သည်ကို သိရှိပါကြောင်း၊  မိမိ ၁ ရက် နေ့က တင်ပြပြီးသည့်နောက် ၁၄ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာပြီး ကွင်းအမှတ် ၉၂၄ ဦးသောကြာ၏ ယဉ်မွန်တပ်ကွင်းဟု သတ်မှတ်ပြီး ၂၀ နှင့် ၂၄ ရက်နေ့များတွင် ကွင်းဆင်းတိုင်းတာခဲ့ကြောင်း၊  ထို့ကြောင့် ပြည်ပ ကုမ္ပဏီများကို ကုန်းတွင်းလုပ်ကွက်များချထားပေးရာတွင် နတ်မောက်မြို့နယ် ပါဝင်သင့်ကြောင်းနှင့် ယင်းသို့ချပေး ရန် အစီအစဉ်ရှိ/မရှိ၊ မည်သည့်ကုမ္ပဏီ၊ မည်သည့်နိုင်ငံမှ ပြည်ပအဖွဲ့ဖြစ်သည်ကို သိရှိပြီး လက်ပန်းတောင်းတောင် ကဲ့သို့ မဖြစ်စေရန်၊ ဒေသခံများအလုပ်အကိုင်နှင့်အခွင့်အလမ်းများ ရရှိရေးကို အလေးထားဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ ပြည်ပ ကုမ္ပဏီများကို နတ်မောက်မြို့နယ်သို့ အမြန်ဆုံးချထားပေးပြီး အမြန်ဆုံး အကောင် အထည်ဖော်စေချင်ပါကြောင်း၊ အကောင်အထည်ဖော်မှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။