(စ)-၁၉၀၈ခုနှစ်၊မတရားအသင်းများအက်ဥပဒေကို လိုအပ်သလိုပြင်ဆင် ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်းကို အချိန်မီ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်သမ္မတကြီးဦးစီးကျင်းပမည့် တစ်ပြည်လုံးအတိုင်း အတာနှင့် အပစ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခြင်းနှင့် နိုင်ငံရေးဆွေးနွေးမှုများ ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသော မြန်မာနိုင်ငံငြိမ်းချမ်းရေးညီလာခံ သို့မဟုတ် ပြည်ထောင်စုညီလာခံ National Dialogue ကျင်းပနိုင်ရန် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဦးသိန်းညွန့် (သင်္ဃန်းကျွန်း)က မတရားအသင်းများအက်ဥပဒေ ၁၉၀၈ ခုနှစ်၊ အိန္ဒိယအက် ဥပဒေအမှတ်(၁၄) ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန်၊ လက်ခံဆွေးနွေးရန် အဆိုကို အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ မကြာခင် ကျင်းပတော့မည့် ပြည်ထောင်စုညီလာခံ National Dialogue အတွက် ကြိုတင်ပြင် ဆင်ရာတွင် လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရေး၊ ရရှိပြီးအပစ်ရပ် သဘောတူညီချက်များ တည်တံ့ခိုင်မြဲရေးတို့အတွက် ကြားဝင်ဆောင်ရွက်ပေးကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ လူပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းများက လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်ရန်အတွက်နှင့် မတရားအသင်းအဖြစ် သတ်မှတ်ခံ ထားရဆဲ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ အကြောင်းအမျိုးမျိုးကြောင့် ဆက်စပ်ပတ်သက်နေရ သူများအတွက် များစွာအဟန့်အတား ဖြစ်နေသော မတရားအသင်းများ အက်ဥပဒေပါပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့ကို ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း ပြုလုပ်ရန် အရေး တကြီးလိုအပ် နေပြီဖြစ်ပါကြောင်း၊ ၎င်းဥပဒေပုဒ်မ ၁၇(၁) အရ မတရားအသင်းတစ်ခုခု၏ အစည်းအဝေးတွင် ပါဝင်ဆောင်ရွက်နေပါက၊ အသင်းအတွက်ငွေကြေးထောက်ပံ့လျှင် သို့မဟုတ် လက်ခံလျှင် သို့မဟုတ် တောင်းခံ လျှင် သော်လည်းကောင်း၊ အသင်းလုပ်ငန်းတွင် တစ်နည်းနည်းဖြင့် ကူညီလျှင်သော် လည်းကောင်း ပြစ်ဒဏ် ကျခံစေရမည်ဆိုသည်ကို ပြဋ္ဌာန်းထားရှိသည့်နည်းတူ ပုဒ်မ ၁၇(၂)တွင် မတရားအသင်းကို စီမံအုပ်ချုပ်လျှင် သို့မဟုတ် စီမံအုပ်ချုပ်မှုကို ကူညီလျှင်သော် လည်းကောင်း၊ အသင်း၏အစည်းအဝေးအတွက် ဆော်သြ ကမကထပြုလျှင် သော်လည်းကောင်း၊ သို့မဟုတ် ကူညီလျှင်သော် လည်းကောင်း ပြစ်ဒဏ်ကျ ခံစေရမည်ဆိုပြီး ပြဋ္ဌာန်းထားရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ထိုမတရားအသင်းအဖြစ် သတ်မှတ်ခံနေ ရသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံကြသူများသည် ယင်းပုဒ်မများဖြင့် လိုရာဆွဲစွပ်စွဲခံရခြင်း၊ တရားရုံးရောက် အပြစ်ပေး ခံရခြင်း၊ ရွာသားများ နှိပ်စက်ညှင်းပမ်းခံရပြီးအသက် ဆုံးရှုံးရခြင်းများရှိပါကြောင်း၊ ထိုဖြစ်ရပ်မျိုးများစွာရှိခဲ့သော်လည်း အကြောက်တရားကြောင့် ဖြစ်ရပ်မှန်များကို တရားသဖြင့်စီရင်ခံရမှု အလွန်နည်းပါးသည်ကို တွေ့ရှိရသည်အပြင် ယင်းဖြစ်ရပ်များကြောင့် ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်လိုသော လူပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းများသည်လည်း မဝံ့မရဲနှင့်သာပါ ဝင်ဆောင် ရွက်နေကြရသည် တွေ့ရှိရပါကြောင်း၊ ယင်းဥပဒေပုဒ်မများ၏ အကျိုးဆက်ကြောင့်လည်း ပြည်တွင်း စစ်ရှောင် ဒုက္ခသည်စခန်းများ၊ ရွာပုန်းရွာရှောင်တိုင်းရင်းသားများ ၊ ရွာလုံးကျွတ်တစ်ဖက်အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ရခြင်းများ ပေါ်ပေါက်လာစေတဲ့ဖြစ်ရပ်များစွာ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၀၈ ခုနှစ်၊ မတရားအသင်း များအက်ဥပဒေကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို အချိန်မီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။