(စ)- ရှားတောမြို့နယ်အပါအဝင် ဖွံ့ဖြိုးမှုနောက် ကျ၍ ဝေးလံခက်ခဲသောမြို့များတွင် ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို အထူးကိစ္စတစ်ရပ် အနေဖြင့်ဦးစားပေးဆောင်ရွက်ရန်နှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

ရှားတောမြို့နယ်အပါအဝင် ဝေးလံခက်ခဲသော မြို့နယ်၊ နယ်စွန်နယ်ဖျား တိုင်းရင်း သားဒေသများသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ ခေတ် အဆက်ဆက် လက်နက်ကိုင်ပဋိပက္ခများ ရှိခြင်းကြောင့် ဖွံ့ဖြိုးမှုနောက်ကျ ရပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အစိုးရသစ် ၏ ပြုပြင်ပြောင်း လဲရေးဆောင်ရွက်မှု များကြောင့် ငြိမ်းချမ်းရေး ရောင်နီများနှင့် အတူ  ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အချိန်ကောင်းရောက် ရှိနေပြီဖြစ် ပါကြောင်း၊ ယခင်အစိုးရ လက်ထက်က နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုး တက်ရေးကော်မတီ ဖွဲ့စည်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည် ဖော်ဆောင်ရွက်ခဲ့သော်လည်း တည်ငြိမ်အေးချမ်းမှု မရှိသည့် အတွက် အောင်မြင်မှုမရရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်အစိုးရက ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံချက်ချ မှတ် ဆောင်ရွက်လျက်ရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်ရသည့်အတွက် ဝေးလံသော နယ်စပ်နယ်ဖျား ဒေသများတွင် အစဉ်အဆက် ဖွံ့ဖြိုးမှုနောက်ကျနေပြီး လိုအပ်ချက်များစွာရှိပါကြောင်း၊ မိုင် ၄၀ ရှိသော လွိုင်ကော်-ကုန်းချောင်း-ရှားတောလမ်းသည် ယနေ့အထိ ကတ္တရာလမ်းအပြည့် မဖြစ်သေးသည့်အပြင် ၂၄ နာရီ လျှပ်စစ်မီးမရရှိခြင်း၊ ဆက်သွယ်ရေးတိုင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်း/ဆေးရုံအပါအဝင် အဆောက်အဦကောင်းများ မရှိခြင်း တို့အပြင် စီးပွားရေးလုပ်ငန်းများအနေဖြင့် အနည်းငယ်မျှသော လယ်ယာ လုပ်ငန်းနှင့် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းများကို အားကိုးနေရခြင်းစသည့် လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ ဝေးလံခက်ခဲသော အခြားမြို့နယ်များသည်လည်း ထိုကဲ့သို့ လိုအပ်ချက်များ ရှိနေပါကြောင်း။

၉-၈-၁၃ ရက်နေ့တွင် သမ္မတအိမ်တော်၌် နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား မိမိတို့ အစိုးရတာဝန်ယူရသော ၅ နှစ်တာကာလ အတွင်း ပြည်သူများ၏ စီးပွားရေး၊ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဦးစားပေးပြီး လူမှုစီးပွားရေး အကျိုးရလဒ်များ ရရှိခံစားနိုင်ရန် ထိရောက်စွာ ဆောင်ရွက်ရမည့် ကာလဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု မှာကြားသွားသည်ကို သိရှိရပါကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျနေသော တိုင်းရင်းသားများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးမည်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂(ဂ)တွင် အတိအလင်းပြဋ္ဌာန်းထား ပြီးဖြစ်ပါကြောင်း၊နိုင်ငံတဝှမ်းလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်မှသာ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး တိုင်းရင်းသားများ မျှော်လင့်နေသော တန်းတူညီမျှရှိမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲခြင်းများ မလွဲမသွေရရှိမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှားတောမြို့နယ်အပါအဝင် ဖွံ့ဖြိုးမှုနောက် ကျပြီး ဝေးလံခေါင်သီမြို့နယ်များရှိ ပြည်သူများ၏ တင်ပြတောင်းဆိုချက်များ၊ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တင်ပြချက်များ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ မှ ဆောင်ရွက်ပေးသင့်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အစရှိသည်များကို အထူးကိစ္စတစ်ရပ် အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။