(ဆ)- ချင်းပြည်နယ်အတွင်းရှိကျောင်းများ၊ ဆေးရုံ များအတွက်ခွင့်ပြုချမှတ်ထားသည့်ရန်ပုံငွေများနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

ဖလမ်းမြို့နယ်သည် နယ်စပ်အစွန်အဖျားဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျ ဆုံးနေရာတွင်  ပါဝင်သော်လည်း နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက် ချက်များကို မတွေ့ရှိပါကြောင်း၊ ဖလမ်းမြို့နယ် အတွက် ချမှတ်ထားသော ခွင့်ပြုရန်ပုံငွေများသည်လည်း ယနေ့အချိန်အထိ သက်ဆိုင် ရာကျေးရွာများသို့ ရောက်ရှိခြင်း မရှိသေးသည့်အပြင် ဖလမ်းအုပ်ချုပ်ရေးမှူးရုံးမှ လည်း အဆိုပါခွင့်ပြုငွေများ ၎င်းတို့ထံသို့ ရောက်ရှိခြင်းမရှိသေးသည်ကို သိရှိရပါကြောင်း၊ ကျောင်းနှင့်ဆေးရုံများအတွက် လွှတ်တော်က ခွင့်ပြုရန်ပုံငွေ များ အတည်ပြုပေးသည့်အချိန်သည်  ၈ လကျော်ကြာမြင့်သော် လည်း မည် သည့်ဆောင်ရွက်ချက်များ မတွေ့ရှိရသေးပါကြောင်း၊ ချင်းပြည်နယ်၏ နယ်စွန် နယ်ဖျားဒေသများတွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ မရှိသည့် အတွက် အခြားဒေသမှ စုဆောင်းဝယ်ယူရန် လိုအပ်ရာ ယခုကဲ့သို့ ၈ လ ကျော် သည် အထိ လုပ်ငန်းစတင်ခြင်းမရှိပါက အချိန်မီ ပြီးစီးနိုင်မှုရှိ/မရှိ၊ ပြီးစီးနိုင်မှုမရှိပါက  ရန်ပုံငွေများသည် စာရင်း ဇယားတွင်သာ ရှိပြီး လက်တွေ့ အကောင်အထည် မဖော်ဖြစ်သွား မည်ဖြစ်သည့်အတွက် ခွင့်ပြုပေးသော ဌာနဆိုင်ရာများအနေဖြင့် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလို ပါကြောင်း၊ ယခုဘတ်ဂျက်နှစ်တွင် ဖလမ်းမြို့နယ်ရှိ ဆရာဝန်များနေထိုင်ရန် ၄ ခန်းတွဲ နှစ်ထပ်ဆောင်ဆောက်ရန်နှင့် သူနာပြု အဆောင် မွမ်းမံရန် ခွင့်ပြုချက်ရရှိထားသော်လည်း ဘတ်ဂျက်နှစ် ကုန်ရန်၄ လခန့်သာ ကျန်ရှိသော်လည်း ယခုအချိန်ထိ စတင်ဆောင် ရွက်ခြင်းမရှိသေးပါကြောင်း၊  ကျန်းမာရေးဌာနဖြစ်သော ဇောင်ထဲကြီးရွာ၊ စအဲ့၊ ဆိုင်ပီး စသော ဒေသများတွင် အဆောက်အအုံဆောက်ရန်သန်း ၆၀ လောက်ချပေးရာတွင် ဆက်သွယ်ရေး အင်မတန် ခက်ခဲသော ဒေသဖြစ် သည့်အတွက် စောစီးစွာ ရန်ပုံငွေမရရှိပါက အချိန်မီပြီးနိုင်ရန် အခက်အခဲရှိ ပါကြောင်း၊  ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနမှ သက်ဆိုင်ရာ ပြည်နယ်အစိုးရကို (သို့) သက်ဆိုင်ရာခရိုင်/ ခွင့်ပြုရန်ပုံငွေ ရရှိကြောင်း အကြောင်းကြားခြင်းရှိ/မရှိနှင့် ထင်သာမြင်သာရှိရန် ပြည်ထောင်စုအစိုးရက သက်ဆိုင် ရာပြည်နယ် များကို  ခွဲဝေချမှတ်ပေးသော ဘတ်ဂျက်များ၊ ရန်ပုံငွေများကို ရရှိသောခွဲတမ်းမြို့နယ် အလိုက် လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာ အကြီးအကဲများနှင့်တကွ သက်ဆိုင်ရာကျေးရွာတွေများကို အသိပေးနိုင် ခြင်းရှိ/မရှိ။ စောစီးစွာ အသိပေးပါက  အန္တရာယ်များရှိ/မရှိ၊ အန္တရာယ်မရှိပါက အသိပေးနိုင်ပါမည်လား သိရှိလိုကြောင်းမေးမြန်းပါသည်။