(က)-ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းပေါ်ရှိ မောင်းကော်တံတားအား ကွန်ကရစ်တံတားအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းဖြစ်ပြီး ဝန်းသိုမြို့အတွက်  အလွန်အရေးပါပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စများအတွက် ကောလင်းမြို့နှင့်လည်းကောင်း၊ ပင်လည်ဘူးမြို့နှင့်လည်းကောင်း၊ မန္တလေးမြို့နှင့်လည်းကောင်း ဆက်သွယ်သွားလာရာတွင် အဓိကကျသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းတံတားကို ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည့်အတွက် ယခုဆိုလျှင် နှစ်ပေါင်း ၁၀၀ နီးပါးကြာမြင့်နေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် နှစ်ပေါင်းကြာမြင့်နေပြီ ဖြစ်သည့်အတွက် ယိုယွင်းပျက်စီးလျက်လည်း ရှိနေပြီဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဒေါင်းမြူးချောင်း ရေကြီးရေလျှံဖြစ်ပေါ်ပြီး ကမ်းထိန်းနံရံပါ ပျက်စီးသွားသည့်အတွက် ပီပါခွန်များကို ကျောက်များဖြည့်၍ သဲကျောက်များဖြည့်ပြီး ယာယီပြင်ဆင်ထားရသည့် ပုံဖြစ်ပါကြောင်း၊ ကားတစ်စီး ဖြတ်သန်းနေသည့် အချိန်တွင် အခြားကားများ စောင့်ဆိုင်းနေရသည့် အတွက် ကျောင်းဆင်းချိန်တွင် ကျောင်းသား/သူများ တံတားအပေါ်ဖြတ်သန်းသွားလာနေသည့် အချိန်တွင် တစ်ဖက်ရှိ ကားများကရပ်ဆိုင်းပြီး စောင့်ဆိုင်းနေရသည့် တံတား၏အခြေအနေမှာ ၃.၆၆ မီတာသာ ကျယ်ဝန်းသည့်အတွက် အင်မတန်မှကျဉ်းမြောင်းနေပါကြောင်း၊ ယခုလက်ရှိ ၎င်းတံတားနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ်ကလည်း ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကိုယ်တိုင်လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းတံတားအပေါ်တွင် ပင်လည်ဘူး-ဝန်းသို-ကောလင်း-မန္တလေး လူစီးအမြန်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ သစ်လုံးတင်ကားများ၊ နေ့စဉ်သွားလာနေခြင်း ဖြစ်သည့်အတွက် တံတားသည် စိုးရိမ်ရသည့် အနေအထား ရှိနေပါကြောင်း၊ ထို့ကြောင့် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်းလမ်းပေါ်ရှိ မောင်းကော်တံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။