(ဃ)-မြစ်ကြီးနား- ရွှေဘို- မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းမြို့နယ်တွင်း လမ်းပိုင်းနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းပိုင်းတို့အား B.O.T စနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရှိမှု အခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မြစ်ကြီးနား-ရွှေဘို-မန္တလေးပြည်ထောင်စုလမ်းမကြီးသည် မဲဆန္ဒနယ်ထဲတွင် ၄၆ မိုင်ပါဝင်ပြီး မြို့နယ်တစ်ခုလုံး အဓိကအားထားအသုံးပြုနေရသည့် လမ်းမကြီးဖြစ်ပါကြောင်း၊ အဲဒီလမ်းမကြီးသည် ၂၀၁၇ ခုနှစ် တစ်နှစ်လုံး ပြုပြင်ထိန်းသိမ်းခြင်း မရှိခဲ့သည့်အတွက် ကတ္တရာလမ်းများ ပေါက်ပြဲပျက်စီးလျက်ရှိပါကြောင်း၊ လမ်းဦးစီးကို ပြုပြင်ရန်အတွက် မေးမြန်းရာတွင် B.O.T ပေးရန်ရှိခြင်းကြောင့် ပြင်/ထိန်းအတွက်တင်သည့် ဘတ်ဂျက်ကို ခွင့်မပြုသည့်အတွက် ပြုပြင်နိုင်ခြင်း မရှိကြောင်း ဖြေကြားလာပါသည်။ ထို့အတူ မိုးကောင်း-ကာမိုင်း-ဖားကန့်-ကျောက်စီလမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ကတ္တရာလမ်းခင်းမည်ဟု ကြားခဲ့ရပြီး ၎င်းလမ်းပိုင်းကလည်း B.O.T ပေးမည့်အထဲ ပါသည်ဆိုပြီး ဘတ်ဂျက်ပြန်ရုပ်သိမ်းသွားသည်ဟု သိရပါကြောင်း၊ နောက်တစ်ခုက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့သည့် ပြည်ထောင်စုလမ်းမကြီးပေါ်က ကွန်ကရစ်တံတား ၁၂ စင်းက လည်း ကတ္တရာထပ်မခင်းနိုင်သည့်အတွက် ဖြတ်သန်းသွားလာသမျှ ဆိုင်ကယ်များ၊ ယာဉ်များ အခက်အခဲ ဖြစ်နေကြရပါကြောင်း၊ ထိုတံတားများကို ကတ္တရာခင်းရန်လည်း B.O.T ပေးမည်ဟု ဘတ်ဂျက်တင်သည်ကို ခွင့်မပြုခဲ့ပါကြောင်း၊

ကုန်စည်စီးဆင်းမှုကို အဓိကအသုံးပြုနေရသည်နှင့်အညီ ကုန်တင်ယာဉ်ကြီးများ၊ ဖားကန့်ဒေသကို နေ့စဉ်အမျှ သယ်ယူပို့ဆောင်နေသည့် စက်ယန္တရားများ၊ ဆီသည်ယာဉ်များကြောင့် ဒီနှစ်မိုးတွင်းဆိုလျှင် မည်မျှအထိ ဆိုးဆိုးရွားရွားပျက်စီးသွားဦးမည်ဆိုသည်မှာ ဒေသခံများများစွာ စိုးရိမ်ပူပန်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ကြီးနား-ရွှေဘို-မန္တလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုးကောင်းမြို့နယ်တွင်း လမ်းအပိုင်းနှင့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းအပိုင်းတို့အား မည်သည့်ကာလတွင် B.O.T စနစ် ဖြင့်ဆောင်ရွက်မည်နှင့် B.O.T စနစ်ဖြင့် မဆောင်ရွက်နိုင်သေးမည် ကာလအတွင်း မည်ကဲ့သို့ပြုပြင် ထိန်းသိမ်းသွားပေးမည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။