(င)-လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု ခွင့်လျှောက်ထားရာတွင်လုပ်ဆောင်ရမည့်လုပ် ငန်း အဆင့်ဆင့်နှင့် လယ်ယာမြေဥပဒေပြဋ္ဌာန်း ပြီးချိန်မှ ယခုအချိန်ထိ မည်မျှခွင့်ပြုပြီးဖြစ်သည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတော်မှ တောင်သူလယ်သမားများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)များကို ရာနှုန်းပြည့်နီးပါး ထုတ်ပေးပြီးကြောင်း သိရှိရသော်လည်း အချို့ တောင်သူလယ်သမားများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ကို လက်ဝယ်မရရှိသေးပါကြောင်း၊
ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနများက သက်ဆိုင်ရာအထက် အဆင့်ဆင့်သို့ တင်ပြထားသော လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးပြီး ဖြစ်ကြောင်း စာရင်းများသည် မှန်ကန်ခြင်းရှိ/မရှိ၊ မှန်ကန်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းနှင့် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၁-၂-၂၀၁၃ ခုနှစ်၊ ရက်စွဲပါစာအမှတ်၊ ၁၂/လယ-၅၁(၀၀၄/၂၀၁၃)တွင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း လုပ်ငန်းများအတွက် မြေစာရင်း ပုံစံ(၁၀၅) ရေးကူးခွင့်ကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရေးကူးခွင့်ပြုရန် သက်ဆိုင်ရာဌာနများထံသို့ အကြောင်းကြားစာပေးပို့ ဆောင်ရွက်လျက် ရှိကြောင်း မြေစာရင်းပုံစံ(၁၀၅) ရေးကူးရမည့် တည်ဆဲဥပဒေဖြစ်သော မြန်မာနိုင်ငံမြေစာရင်းလက်ဆွဲ ဥပဒေ အခန်း(၂)(ဂ) မိတ္တူများလျှောက်ထားခြင်း အခန်းပါပုဒ်မ ၃၈၉ တွင် မြေပုံများမှ ကောက်နုတ်ချက်များကို ရယူ လိုကြောင်း အမှုတွဲထိန်းထံ လျှောက်ထားသောအခါ မြေစာရင်းပုံစံ(၁၀၃) မှတ်ပုံတင်စာရင်းအမှတ်(ဂ) လျှောက်လွှာပုံစံဖြင့်ရေးပြီး ရုံးခွန်တံဆိပ်ခေါင်း ၂၅ ပြားတန် ကပ်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အခွန် မြေတိုင်းစာရင်းခွန်ကိုနုတ်၍ နုတ်ဖြင့် လျှောက်ထားနိုင်ပါကြောင်း၊ ထိုသို့ လျှောက်ထားသည့်အခါ မြေတိုင်းစာရင်းသည် သက်ဆိုင်ရာပုံစံတွင်ရေးသွင်းရမည်ဖြစ်ပြီး ရုံးခွန်တံဆိပ် ခေါင်းကပ်ရန်မလို၊ အခကြေး ငွေများမပေးဆောင်ရဟူ၍ လည်းကောင်း၊ ထိုသို့ မလျှောက်ထားမီ မည်သူ့လက်ဝယ်တွင် လိုအပ်သော စာရင်း မြေပုံများရှိသည်ကို သိသာအောင် ပထမ စုံစမ်းရမည်ဟုလည်းကောင်း၊ အဆိုပါအခန်းပုဒ်မ ၃၉၄ တွင် မြေပုံများရေးကူးရာတွင် မြေစာရင်းပုံစံ (၁၀၅) ဖြင့် ရေးကူးပေးရမည်။ သို့မဟုတ် အဆိုပါပုံစံမှာ မြေပုံရေးကူးရန် နေရာမလုံလောက်ပါက ဖယောင်းအဝတ်စက္ကူဖြင့် ရေးဆွဲပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါကြောင်း၊
ထို့ကြောင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် ရက်စွဲပါ စာအမှတ်၊ ၁၂/လယ၅၁(၀၀၄/၂၀၁၃)ဖြင့် ညွှန်ကြားချက်သည် တည်ဆဲဥပဒေနှင့် ညီညွတ်မှုရှိ/မရှိ၊ ညီညွတ်မှုရှိပါက မည်ကဲ့သို့ဆောင်ရွက်မည်နှင့် လက်တွေ့ဆောင်ရွက်လျက်ရှိသော လယ်ယာမြေကို အခြား နည်းအသုံးပြုခွင့် လျှောက်ထားခြင်းလုပ်ငန်းများအတွက် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခွင့် ဆောင်ရွက်ရာတွင် လုပ်ငန်းအလိုက် ထောက်ခံချက်အဆင့်ဆင့်နှင့် အခြားဆောင်ရွက်မှု အဆင့်ဆင့်တို့ကို သိရှိလိုပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပြဋ္ဌာန်းသည့်အချိန်မှ ယခု အချိန်ထိ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းကိစ္စတွင် ခွင့်ပြုခဲ့သော အမှုအရေအတွက်နှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ခွင့်ပြုခဲ့ သော အမှုအရေအတွက်ကို သိရှိလိုပါကြောင်း သိရှိပါသည်။