(ခ)-တောင်တွင်းကြီး မြို့နယ်ရှိ ဗိဿနိုးယဉ်ကျေးမှုနယ်မြေ မြို့ပတ်လမ်းဖြစ်သော အုန္နဲတန်း-ကြက်ဖြူတော ကျေးရွာချင်းဆက်လမ်းကို မြေနီကျောက်ချောလမ်း ခင်းပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းဖြစ်ပြီး ဗိဿနိုးမြို့၏မြို့ပတ်လမ်း တစ်စိတ်တစ်ပိုင်း ဖြစ်သည့် အုန္နဲတန်း-ကြက်ဖြူတောကျေးရွာချင်းဆက် မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ ပျူမြို့ဟောင်း ဗိဿမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မြို့အဖြစ် ၂၀၁၄ ခုနှစ်တွင် ယူနက်စကိုအဖွဲ့အစည်းမှ အသိအမှတ်ပြုလိုက်ပြီး သည်နှင့်တစ်ပြိုင်နက် ကမ္ဘာလှည့်ခရီးသွား၊ မြန်မာ့ခရီးသွားများ လာရာက်လည်ပတ်ကြည့်ရှုရန်၊ လေ့လာ ရန် ဗိဿနိုးမြို့ဟောင်းအနောက်ဘက် မြို့ပတ်လမ်းဖြစ်သည့် နှစ်မိုင်ရှည်သော ကုက္ကိုခွ-ပျားတုကျေးရွာ ချင်းဆက်လမ်းကို ကျောက်ချောလမ်းအဖြစ်လည်းကောင်း၊ ဗိဿနိုးမြို့အရှေ့ဘက် မြို့ပတ်လမ်းအဖြစ် တောင်တွင်းကြီး-မကွေးကားလမ်းမကြီးပေါ်မှ ဗိဿနိုးမြို့၏ ပန်ထွာဘုရင်မကြီးတည်ထားကိုးကွယ်ခဲ့သော ရွှေရောင်တော်ဘုရားကြီးအထိ တစ်မိုင်ခွဲလမ်းအရှည်ကို ကတ္တရာလမ်းမကြီးအဖြစ်လည်းကောင်း၊ ရွှေရောင်တော်ဘုရားကြီးမှ ကြက်ဖြူတောကျေးရွာအထိ တစ်မိုင်အရှည်ကို ကျောက်ချောလမ်းအဖြစ် လည်းကောင်း လမ်းခင်းပေးခဲ့သော်လည်း အစိုးရအကူးအပြောင်းကာလတွင် မြောက်ဘက်အခြမ်း ဖြစ်သည့် ကြက်ဖြူတော-အုန္နဲတန်း ကျေးရွာလမ်းအပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်နေပါ ကြောင်း၊
ဗိဿနိုးနယ်မြေသည် လေ့လာစရာများမှာ တစ်နေရာတည်းတွင် စုနေခြင်းမဟုတ်သည့်အတွက် မြို့ပတ်လမ်းလိုပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများသည် ရှေးဟောင်းတူးဖော်တွေ့ရှိသည့်နေရာများကို လေ့လာကြသလို ကျေးလက်လူနေမှုဘဝတွေကိုလည်း လေ့လာကြပါကြောင်း၊ ထို့ကြောင့် ဗိဿနိုးမြို့ ဟောင်း၏မြောက်ဘက်ခြမ်း မြို့ပတ်လမ်းကို ကျေးရွာဘုန်းတော်ကြီး၏ဦးဆောင်မှု၊ ကျေးလက်နေပြည်သူများ၏ နိုးကြားသည့်စိတ်ဓာတ်နှင့် ငွေကျပ် ၇၆ သိန်း အကုန်အကျခံပြီး ကိုယ်ထူကိုယ်ထလမ်း နှစ်မိုင်ခန့်အရှည်ကို ၂၀၁၆ ခုနှစ် ဧပြီလတွင် ဖောက်လုပ်ခဲ့ပါကြောင်း၊ ယခုလို ကိုယ်ထူကိုယ်ထစိတ်အပြည့်ရှိသော (၁) ကျေးရွာသူကျေးရွာသားများ၏လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ပါရန်နှင့် (၂) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသကြီး၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပြီး အုန္နဲတန်း-ကြက်ဖြူတော နှစ်မိုင်ခန့်ကျန်နေသည့် မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့သည်။