(ဂ)-မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ- ဝေးလူမှ ကန်ပက်လက်မြို့နယ် မကြားအိမ်နူးကျေးရွာကိုဖြတ်၍ မတူပီမြို့နှင့် ကန်ပက်လက်မြို့ မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မတူပီမြို့နယ်၊ အမ်ဆွေး-မားဒူ-ဝေလူးလမ်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တစ်ကြောင်းထိုးလမ်းအဖြစ် ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ ဝေလူးကျေးရွာဟာ မတူပီမြို့နယ်အဆုံးဖြစ်ပြီး ထိန်းခေါင်ကျေးရွာနှင့် လုံတူးကျေးရွာတို့သည် ပလက်ဝမြို့နယ် ဖြစ်ပါကြောင်း၊ သို့သော် ပလက်ဝမြို့ကို သွားသည့်အခါ လေးမြို့မြစ်ကိုဆုံဆင်းပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့တို့ကို ဖြတ်ပြီးမှ ပလက်ဝမြို့ကို ရောက်ပါကြောင်း၊ မိုင် ၂၀၀ ကျော်ဝေးသည့် မတူပီမြို့မှ ထိန်းခေါင်-လုံတူးကျေးရွာသည် မိုင် ၃၀ ကျော် ၄၀ ခန့်သာ ဝေးသည့်အတွက် ပြည်သူများ၏ စားဝတ်နေရေးနှင့် အစစအရာရာအတွက် ပလက်ဝမြို့နယ်ထက် မတူပီမြို့ကိုပိုပြီး မှီခိုအားထားနေရပါကြောင်း၊ ထို့ကြောင့် မတူပီမြို့နယ်ကို ဆက်သွယ် သွားလာနိုင်သည့် ကားလမ်းလိုအပ်သည့်အပြင် လုံတူးကျေးရွာမှ အရှေ့ဘက်ကိုသွားလျှင် ကန်ပက်လက်မြို့နယ် မကြားအိမ်နူးနှင့် မထားအိမ်နူးကျေးရွာတို့ကိုရောက်ပါကြောင်း၊ ကန်ပက်လက် မြို့နယ်မှ မကြားအိမ်နူးအထိ တစ်ကြောင်းထိုးကားလမ်း ပေါက်ပြီးဖြစ်ပါကြောင်း၊ မကြားအိမ်နူးကားလမ်းသည် ကန်ပက်လက်မြို့နှင့် ပလက်ဝမြို့ချင်းဆက် လမ်းအဖြစ် လျာထားသည်ဟုလည်း သိရပါကြောင်း၊
ချင်းပြည်နယ် (တောင်ပိုင်း) မြို့နယ်များဖြစ်သည့် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ပလက်ဝမြို့နယ် လေးမြို့နယ်ဆုံချက် နေရာဖြစ်သည့်အတွက်ကြောင့် မည်သည့်မြို့နယ်ကမှ လက်လှမ်းမမီသည့်အတွက် ကားလမ်းမရှိဘဲ ရွာပေါင်း ၇၀ ကျော်က ဆက်သွယ်ရေး ပြတ်တောက်သည့် နေရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးမှုအလွန်နိမ့်ကျပြီး လမ်းပန်းဆက်သွယ်ရေး လုံးဝမရှိသည့် နေရာဖြစ်ခြင်းကြောင့် မတူပီမြို့နယ်၊ ဝေလူးကျေးရွာမှ ပလက်ဝမြို့နယ်၊ ထိန်းခေါင်ကျေးရွာ၊ လုံတူးကျေးရွာတို့ကိုဖြတ်ပြီး ကန်ပက်လက်မြို့နယ် မကြားအိမ်နူးကျေးရွာတို့ ဆက်သွယ်သွားလာနိုင်မည့် မိုင် ၂၀ အား ဖောက်လုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။