(ဃ)-ဖြူးမြို့နှင့် စစ်တောင်းမြစ်ကမ်းပါးရှိ ဘန်းလောင်ရွာသို့ ဆက်သွယ်ထားသည့် လမ်းမကြီး ကတ္တရာခင်းခြင်း လုပ်ငန်းအား ဆက်လက်ခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဖြူးမြို့နယ်သည် တောင်မြောက်အလျားမိုင် ၂၀ ခန့်ရှိပြီး အရှေ့အနောက် ကန့်လန့်ဖြတ်က ၁၆ မိုင် ခန့် ကျယ်ဝန်းပါကြောင်း၊ မြို့၏အနောက်ခြမ်း ရိုးမနှင့် ၃ မိုင်ခန့်ရှိပြီး အရှေ့ဘက်အခြမ်း စစ်တောင်းမြစ်အထိ ၁၃ မိုင်ခန့် ကျယ်ဝန်းပါကြောင်း၊ ရန်ကုန်-မန္တလေးလမ်းကို အဓိကထားပြီး ကြည့်မည်ဆိုပါက ဇေယျဝတီမြို့မှ စစ်တောင်းမြစ်အထိ လမ်းမကြီးကတစ်လမ်း၊ ဖြူးမြို့မမှ အုတ်ဖြတ်၊ စစ်တောင်းမြစ်အထိ လမ်းမကြီးကတစ်လမ်း၊ ဖြူးမြို့မမှ ဘန်းလောင်ရွာ၊ စစ်တောင်းမြစ်အထိ လမ်းမကြီးကတစ်လမ်း၊ ညောင်ပင်သာကျေးရွာအုပ်စုမှ ကညင်တိုင်းရွာ၊ စစ်တောင်းမြစ်အထိ လမ်းမကြီးတစ်လမ်း၊ ကညွှတ်ကွင်းမြို့မှ မိဿလင်ရွာ၊ စစ်တောင်းမြစ်အထိ လမ်းမကြီးတစ်လမ်း၊ ကညွတ်ကွင်းမြို့မှ နမ့်လောင်း၊ ကမွန်းဇုံ၊ စစ်တောင်းမြစ်အထိ လမ်းမကြီးတစ်လမ်းဆိုပြီး အဓိကလမ်းမကြီး သုံးခုရှိပါကြောင်း၊ ဖြူးနှင့် ဘန်းလောင်ဆက်သွယ်ထားသည့် လမ်းကို မည်သည့်အချိန်မှစ၍ ကျောက်ရောမြေစပြီး ကျောက်ကြမ်းလမ်းခင်းသည်မှာ ၂၀၀၁-၀၂ ခုနှစ်ကတည်းက ပေ ၃၇၀ ကို စည်ပင်ကနေ တာဝန်ယူ ခင်းခဲ့ပါကြောင်း၊ ၂၀၀၅-၀၆ ခုနှစ်တွင် ပေ ၄၆၀၀ ကို စည်ပင်ကနေပြီး ကျောက်ကြမ်းလမ်း ခင်းခဲ့ပါကြောင်း၊ ၂၀၁၀-၁၁ ခုနှစ်တွင် ပေ ၃၃၀ ကို စည်ပင်ကပဲ ခင်းခဲ့ပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် ပေ ၇၃၀ ကိုလည်း စည်ပင်ကပဲ ခင်းခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၇ မိုင် ၆ ဖာလုံကို စည်ပင်မှ ကျောက်ကြမ်းလမ်းခင်းခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်တွင် ၂ မိုင်နှင့် ၇ ဖာလုံကို အေရိုးမားကုမ္ပဏီက ကတ္တရာလမ်းစပြီး ၂၀၁၅-၁၆ ခုနှစ်တွင် ၁ မိုင်နှင့် ၄ ဖာလုံကို မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနကနေပြီး ကတ္တရာလမ်းခင်းခဲ့ပါကြောင်း၊ ယခုအခါ ၄ မိုင်နှင့် ၃ ဖာလုံကို ၂၀၀၁ ခုနှစ်ကစပြီး ဒီနေ့မှ ၄ မိုင်နှင့် ၃ ဖာလုံ ကတ္တရာခင်းသည့်အတွက် ကျန်သည့် ၈ မိုင်နှင့် ၃ ဖာလုံ ကျန်ရှိနေပါကြောင်း၊ ၎င်းလမ်းအပိုင်းသည် အသုံးပြုနိုင်ခြင်းမရှိဘဲ အားလုံး လမ်းအောက်မှ သွားရပါကြောင်း၊ ခင်းပြီးသားလမ်းအပိုင်း နှစ်နှစ်ကျော်ခန့်ရှိနေပြီ ဖြစ်သည့်အတွက် အချို့နေရာများတွင် ရှေ့ကပြင် အနောက်ကပျက်စီးလျက် ဖြစ်နေပါကြောင်း၊ လမ်း၏ ထူးခြားချက်မှာ မည်သည့်ရွာမှမဖြတ်ဘဲ လမ်းအတိုင်း တစ်ဆက်တစ်စပ်တည်း ဖောက်ထားသည့် လမ်းဖြစ်ပါကြောင်း၊ လမ်းလက်ဝဲဘက်ဘေးများတွင် ကျေးရွာပေါင်း ၁၃ ရွာ၊ လူဦးရေ ၁၁၄၅၅ ဦးရှိပါကြောင်း၊ ၎င်းလမ်းပေါ်တွင် တိုက်နယ်ဆေးရုံ၊ အ.ထ.က ကျောင်းနှစ်ကျောင်းနှင့် အ.လ.က တစ်ကျောင်းရှိပါကြောင်း၊ စစ်တောင်းမြစ်တဖက်ကမ်းရှိ ကျောက်ကြီးမြို့နယ်ထဲက ရွာသူ/သားများ၊ ပြည်သူ/ပြည်သားများသည် ၎င်းလမ်းကို အသုံးပြုရပါကြောင်း၊ လမ်းမတစ်လျှောက်တွင် သစ်သားတံတား လေးစင်းရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နှစ်နှစ်ကျော်ကျော် ဆက်လက်မခင်းဖြစ်သည့် လမ်းသည် အချိန်ကြာမြင့်နေခြင်းကြောင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသောလမ်းအပိုင်းအား ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။