(ခ)-နည်းပညာတက္ကသိုလ်များရှိဆရာ၊ဆရာမများ သည် တက္ကသိုလ်များရှိ ဆရာ၊ဆရာမ များကဲ့သို့ လစာ စကေးနှင့် အဆောင်အယောင်များ တူညီစွာ ခံစားခွင့်မရရှိခြင်းမှာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများသည် ဘွဲ့ရအင်ဂျင်နီယာများ၊ ဘွဲ့ရကွန်ပျူတာပညာရှင်ကြီးများကို သင်ကြား မွေးထုတ်ပေးလျက်ရှိကြပါသည်။ အခြားဝန်ကြီးဌာနများအောက်ရှိ ဘွဲ့ရပညာရှင်များမွေးထုတ်ပေးသော သင်ကြားလျက်ရှိသည့် ဆရာ၊ ဆရာမများ အုပ်ချုပ်ရေး တာဝန်ခံများနည်းတူ လစာစကေးများ ခံစားခွင့်မရခြင်း၊ အဆောင်အယောင်များမရခြင်းစသည့် အဆင့်နိမ့်ချထားရှိမှု၊ လုပ်ငန်းခွင့်ပျော်ရွှင်သာယာမှုမရှိခြင်း၊ ယင်းတို့အနေဖြင့် ခွဲခြားဆက်ဆံခံရသည်ဟု စိတ်ခစားမှုဖြစ်ခြင်း၊ ဂုဏ်သိက္ခာ သိမ်ငယ်မှုခံစားရပြီး ဝန်ထမ်းအချင်းချင်း လုပ်ငန်းချင်းတူပါလျက် လစာစကေးပေးထားခြင်းသည် ကွာခြားသည့်အတွက် ရေရှည်တွင် အစိုးရအပေါ် နာကြည်းမှုများ၊ ခံစားမှုများ ဖြစ်လာနိုင်ပြီး လုပ်ငန်းခွင် အာရုံစိုက်တာဝန်ထမ်းဆောင်မှုကိုပါ လျော့နည်းပျက်ပြယ်လာစေပါကြောင်း၊ ထို့ကြောင့် (က) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဘွဲ့ရအင်ဂျင်နီယာများနှင့် ဘွဲ့ရကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးရသော နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ကြရသော ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကထိက၊ လက်ထောက်ကထိကနှင့် နည်းပြစသော တက္ကသိုလ်အုပ်ချုပ်ရေးနှင့် သင်ကြားရေးဝန်ထမ်းများသည် အခြားဝန်ကြီးဌာနများရှိ ဘွဲ့ရ ပညာရှင်များ မွေးထုတ်သင်ကြားပေးလျက်ရှိသော တက္ကသိုလ်များရှိ အုပ်ချုပ်ရေးနှင့် သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမများနှင့် တူညီသောအလုပ်ကို ထမ်းဆောင်လုပ်ကိုင်ရပြီးဟု မှတ်ယူပြီး အသိအမှတ်ပြုနိုင်ခြင်း ရှိ/မရှိ၊ ပါသလား။ အသိအမှတ်ပြုနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ အခြားတက္ကသိုလ်များနည်းတူ တူညီသောအလုပ်များကို ထမ်းဆောင်ကြသည်ဟု မှတ်ယူအသိအမှတ်ပြုပါက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များရှိ ဘွဲ့ရပညာရှင်များမွေးထုတ်ပေးသော အုပ်ချုပ်ရေးနှင့် သင်ကြားရေး ဆရာ၊ ဆရာမများသည် အခြားတက္ကသိုလ်များရှိ အုပ်ချုပ်ရေးနှင့်သင်ကြားရေး ဆရာ၊ ဆရာမများကဲ့သို့ လစာစကေးနှင့် အဆောင်အယောင်များ တူညီစွာမခံစားရခြင်းသည် နိုင်ငံံ့ဝန်ထမ်းဥပဒေအခန်း(၅)၊ ပုဒ်မ ၁၂နှင့် ညီညွတ်ခြင်းရှိ/မရှိနှင့် ညီညွတ်ခြင်းမရှိပါက ယင်းပြဋ္ဌာန်းချက်နှင့် အညီ ခံစားခွင့်များ ရရှိစေရေးအတွက် မည်သည့်အချိန်တွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။