(ဃ)-လုပ်သက်(၂)နှစ်မှ (၁၇)နှစ်အထိနေ့စား ဝန်ထမ်းများကိုလုပ်သက်ရဝန်ထမ်းအဖြစ် တိုးမြှင့်ပေးရန်နှင့်အလုပ်လက်မဲ့ဖြစ်နေသော ဘွဲ့ရများကိုအလုပ်အကိုင်ရရှိရေးဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ၊မရှိတို့နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-18

ဦးသောင်း (မော်လိုက်)မိမိတို့ မော်လိုက်မြို့နယ်တွင် အစိုးရဌာနပေါင်း၊ မြို့နယ်နှင့် ခရိုင်စုစုပေါင်း ၃၇ ဌာနရှိပါသည်။ တချို့ဌာနများတွင် ဖွဲ့စည်းပုံများရှိကြသော်လည်း  ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်းများကို ပြည့်စုံစွာ ခန့်ထားခြင်း မရှိသဖြင့် (နေ့စား) လပေးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းများ၏ နေရာတွင် အစားထိုး၍  (နေ့စား) လပေး ပုတ်ပြတ်နေ့စားများ ခန့်ထားဆောင်ရွက်ရသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အချို့သောဌာနများတွင် ဘွဲ့ရနေ့စားများကို နှစ်နှစ်မှ ၁၇ နှစ်အထိ နေ့စားဝန်ထမ်းအဖြစ် လုပ်နေကြရပါကြောင်း၊ ဝန်ထမ်းလုပ်သက်အဖြစ် ရရှိခံစားရခြင်းမရှိဘဲ အလွန်နစ်နာဆုံးရှုံးနေသည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ နေ့စားဘဝတွင် ဝန်ထမ်းလုပ်သက်မရသဖြင့် ပင်စင်ယူသည့်အခါ နစ်နာဆုံးရှုံးရပါကြောင်း၊ ဘွဲ့ရအလုပ်လက်မဲ့၊ ဘွဲ့ရနေ့စားဝန်ထမ်းများ Public Service နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်ရရှိရေး၊ နေ့စားလုပ်သက် ၁၇ နှစ်ခန့်လုပ်ရပြီး အမြဲတမ်းဝန်ထမ်းအဖြစ်ရရှိရေး၊ ဝန်ထမ်းလုပ်သက်ရ In Service အဖြစ်ရရှိရေးကို မကြာခဏ လာရောက်တင်ပြကြပါကြောင်း၊ ကျေးရွာနေတောင်သူလယ်သမားများ၏ သားသမီးများမှာ စားဝတ်နေရေးခက်ခဲသောအခြေအနေမှ တက္ကသိုလ်ပညာကို ကြိုးစားအားထုတ်ပြီး ဘာသာရပ်အလိုက် ဘွဲ့အမျိုးမျိုးရရှိခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ဘွဲ့ရပြီး အလုပ်လျှောက်ထား သော်လည်း အလုပ်အကိုင်မရရှိဘဲ အလုပ်လက်မဲ့ဘဝ ရောက်ရှိနေကြပါကြောင်း၊ မိမိရောက်ရှိခဲ့သော တောရွာများ၊ မြို့နယ်တော်တော်များများမှာ ဘွဲ့ရ အလုပ်လက်မဲ့များ တွေ့ရှိရပါကြောင်း၊ တစ်ပြည်လုံးတွင်လည်း ဘွဲ့အမျိုးမျိုးရရှိပြီး အလုပ်လက်မဲ့ဘဝ ရောက်ရှိနေကြသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ဘွဲ့ရများ အလုပ်အကိုင်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက မြို့နယ်တိုင်းတွင် ဘွဲ့ရအလုပ်လက်မဲ့များ၊ နှစ်ရှည်လများ(နေ့စား)ဘဝ လုပ်နေရသည့် ဝန်ထမ်းများစာရင်းကောက်ယူပြီး စီမံချက်ရေးဆွဲကာ အလုပ်အကိုင်နေရာချထားပေးသင့်ပါကြောင်း။

သို့ဖြစ်ပါ၍ (က) အစိုးရဌာနအသီးသီးတွင် နေ့စားဝန်ထမ်းအဖြစ် ၂ နှစ်မှ ၁၇ နှစ်အထိ တာဝန်ထမ်းဆောင်သူများကို (In Service) လုပ်သက်ရဝန်ထမ်းအဖြစ် တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ၊ (ခ) ကျေးလက်တောရွာများနှင့် မြို့များတွင် ဘွဲ့အမျိုးမျိုးရရှပြီး အလုပ် လက်မဲ့များကို စာရင်းကောက်ယူ၍ စီမံချက်ရေးဆွဲကာ အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ခန့်ထား ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။