(က)-နမ့်စန်မြို့နယ်ဘောလုံးကွင်းအနီးတွင် အားကစားရုံတည်ဆောက်ရန်နှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် မြေနေရာအတွက် ဝန်ကြီးဌာနအချင်းချင်း ကူညီဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
နမ့်စန်မြို့နယ်တွင် မြို့နယ်ဘောလုံးကွင်းတစ်ခုရှိပြီး အားကစားရုံက ဒီနေ့အထိ မရှိသေးပါကြောင်း၊ ရှမ်းပြည်နယ် လူမျိုးရေးဝန်ကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးမှူးနှင့် ညှိနှိုင်းသည့်အခါ အားကစားရုံနှင့် ကြက်ခြေနီရုံးအတွက် ဘတ်ဂျက်ထဲတွင် ရေးဆွဲပေးမည်ဖြစ်ပြီး မြေနေရာရှာဖွေပေးရန် ညှိနှိုင်းခဲ့ပါကြောင်း၊ ဆီဆိုင်မြို့နယ်ထွေ/အုပ်ရုံးတွင် လွှတ်တော် ကိုယ်စားလှယ်၊ စီမံခန့်ခွဲရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ အစည်းအဝေးပြုလုပ်ပြီး မြေနေရာရရှိရေးအတွက် ညှိနှိုင်းခဲ့ပါကြောင်း၊ ယခုလိုညှိနှိုင်းသည့်အခါ နမ့်စန်မြို့နယ်တွင် အားကစားရုံနှင့် ကြက်ခြေနီရုံးအတွက် မြေနေရာ မြေလွတ်မြေလပ်မရှိဘဲ နမ့်စန်မြို့နယ် ဝန်ကြီးဌာနပိုင် မြေများသာရှိနေသည့်အတွက် လူထု၏တောင်းဆိုချက်အရ မိမိတို့နမ့်စန်မြို့နယ်သည် ရပ်ကွက်တစ်ခုလုံးနီးပါး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လက်အောက်တွင် တည်ရှိသည့် စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာန၏မြေများသာရှိသည့်အတွက် ၎င်းမြေများထဲကနေပြီး အားကစားရုံနှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် မြေနေရာတင်ပြ တောင်းခံပေးရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နမ့်စန်မြို့နယ်ဘောလုံးကွင်းနှင့် အနီးအနားရှိသည့် စက်မှုသီးနှံဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင်မြေများထဲမှ အကွက်အမှတ် (၃၄)၊ (၃၅) တွင် အားကစားရုံ တည်ဆောက်ရန် မြေ ဝ.၉၈ ဧကနှင့် ကြက်ခြေနီရုံး တည်ဆောက်ရန် ဝ.၂၁၇ ဧကတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး ဝန်ကြီးဌာနအချင်းချင်း လွှဲပြောင်း၍သော်လည်းကောင်း၊ ရောင်းချ၍သော်လည်းကောင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။