(ခ)-တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျော်ကိုင်းကျေးရွာအုပ်စုသည် ကျေးရွာပေါင်းသုံးရွာဖြင့် ဖွဲ့စည်း ထားပြီး အိမ်ထောင်စု ၆၀၀ ကျော်၊ လူဦးရေ ၂၅၀၀ ကျော် နေထိုင်လျက်ရှိသော ရွာကြီးတစ်ရွာ လည်းဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျေးရွာအုပ်စုအတွင်း သားဖွားဆရာမတစ်ဦးသာ ခန့်ထားပြီး မအီကျေးလက်ကျန်းမာရေးဌာနတွင်ပါဝင်သော ကျေးလက်ကျန်းမာရေးဌာနခွဲဖြစ်ကာ မအီမြို့နှင့် လည်း ၁၂ မိုင်ခန့်ကွာဝေးပါကြောင်း၊ အကယ်၍ ကျော်ကိုင်းကျေးရွာတွင် ကျန်းမာရေးဌာန ဖွင့်လှစ် ပေးမည်ဆိုပါက ကျော်ကိုင်းကျေးရွာအုပ်စုအပြင် ကျောက်ဝေကျေးရွာအုပ်စုအတွက်ပါ ကျန်းမာ ရေး စောင့်ရှောက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မအီကျန်းမာရေးဌာနမှ ကြီးကြပ်လျက်ရှိသော ဌာနခွဲ ၆ ခု ရှိပါကြောင်း၊ ၎င်းရွာများမှာ ကျော်ကိုင်းကျန်းမာရေးဌာနခွဲ၊ ကျောက်ဝေ၊ သဒွန်၊ ချက်ဖောက်၊ ဂျီဘူထောင်နှင့် လက်ပံကျန်းရေးဌာနခွဲတို့ဖြစ်ကြပါကြောင်း၊ ထိုကျေးရွာများမှာလည်း တစ်ရွာနှင့် တစ်ရွာ လမ်းပန်းဆက်သွယ်ရေးမှာ ဝေးကွာလှပါကြောင်း၊
ကျော်ကိုင်းကျေးရွာသည် လမူးမော်စံပြကျေးရွာနှင့် နှစ်မိုင်၊လေးဖာလုံခန့်ကွာဝေးပါကြောင်း၊ လမူး မော်စံပြကျေးရွာတွင် တိုက်နယ်ဆေးရုံရှိသော်လည်း မိုးရာသီကာလရောက်ပါက လမ်းပန်း ဆက်သွယ်ရေးအခက်အခဲ ကြုံတွေ့ရပါတယ်။ ရေလမ်းကြောင်းက ရေကြီးရေလျှံမှု မကြာခဏ ဖြစ်သည့်အတွက် အခက်အခဲဖြစ်ရပါကြောင်း၊ ထို့ကြောင့် ရွာသူရွာသားများမှာ ကျန်းမာရေး အတွက် စိုးရိမ်ပူပန်ပြီး ကျန်းမာရေးဌာနရရှိပါက ဆောက်လုပ်ရန်အတွက် မြေနေရာလည်း အဆင်သင့်ရှိပြီးဖြစ်ပါကြောင်း၊ ကျော်ကိုင်းကျေးရွာတွင် ကျန်းမာရေးဌာန ဖွင့်လှစ်ထားမည်ဆိုပါက အိမ်ထောင်စု ၆၅၀၊ လူဦးရေ ၂၅၀၀ ကျော်ရှိသော ကျော်ကိုင်းကျေးရွာအုပ်စုအပြင် ကျေးရွာ ပေါင်းငါးရွာ၊ အိမ်ထောင်စု ၆၀၀ ကျော်နှင့် လူဦးရေ ၂၅၀၀ ကျော်ရှိသော ကျောက်ဝေကျေးရွာ အုပ်စုအတွက်ပါ အဆင်ပြေမည်ဖြစ်သည့်အတွက် လူဦးရေ ၅၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုလွှမ်းခြုံပြီး ဖြစ်ပါကြောင်း၊
ထို့အပြင် မအီကျန်းမာရေးဌာနမှ တာဝန်ယူရသည့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၆ ခုမှ နှစ်ခု ကိုခွဲပြီး ကျော်ကိုင်းကျန်းမာရေးဌာနထဲကို ထည့်၍ရပါကြောင်း၊ ထို့ကြောင့် ကြီးကြပ်ရသော ကျန်းမာရေးမှူးအနေဖြင့်လည်း နိုင်နိုင်နင်းနင်းစီမံအုပ်ချုပ်နိုင်မည်ဖြစ်သည့်အတွက် တောင်ကုတ် မြို့နယ်၊ ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျော်ကိုင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။