(ဂ)-လောက်ကိုင်မြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆရာဝန်များ အပြည့်အဝခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-18

လောက်ကိုင်မြို့ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွင့်လှစ်ထားရှိသည့်ဆေးရုံများအနက် အကြီးမားဆုံး သော ဆေးရုံတစ်ခုဖြစ်ပါကြောင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် နယ်စပ်ဒေသ ဖြစ်သည့်အတွက် အခြားသောမြို့ကြီးများကဲ့သို့ အထူးကုဆေးရုံများမရှိသောကြောင့် ဒေသခံ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အစိုးရဆေးရုံ၊ ဆေးပေးခန်းနှင့် ကျန်းမာရေးဌာနများ ကိုသာ အဓိကထား၍ ဆေးကုသခံယူ နေရသည့်အတွက် လောက်ကိုင်မြို့ ခုတင်(၅၀)ဆံ့ ဆေးရုံသည် များစွာအရေးပါသည့် ဆေးရုံတစ်ရုံ ဖြစ်ပါကြောင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၏ ဆရာဝန်ခွင့်ပြုအင်အား အထူးကု ဆရာဝန်ခြောက်ဦး၊ လက်ထောက်ဆရာဝန်ခြောက်ဦး၊ သွားဖက်ဆိုင်ရာ ဆရာဝန် တစ်ဦး စုစုပေါင်း ၁၃ ဦး ခွင့်ပြုထားသော်လည်း ပြီးခဲ့သည့် လွှတ်တော်နားနေစဉ်ကာလ မိမိမဲဆန္ဒနယ် ပြန်ရောက် နေချိန် အဆိုပါဆေးရုံတွင် အထူးကုဆရာဝန်တစ်ဦးမျှ ခန့်ထားခြင်းမရှိဘဲ လက်ထောက် ဆရာဝန်နှစ်ဦး၊ သွားဖက်ဆိုင်ရာဆရာဝန်တစ်ဦး စုစုပေါင်းသုံးဦးသာ ခန့်ထားပါကြောင်း၊ ခန့်အပ်ထားသည့် လက်ထောက်ဆရာဝန်နှစ်ဦးအနက် တစ်ဦးမှာ မီးဖွားခွင့်ခံစားနေသည်ဟု သိရှိရပါကြောင်း၊ ယခုအခါ အဆိုပါဆေးရုံတွင် ဆရာဝန်အပြည့်အဝခန့်ထားပေးနိုင်ခြင်းမရှိသည့် အတွက် ဒေသခံပြည်သူများအနေဖြင့် အရေးပေါ်ဆေးကုသခံယူရန်နှင့် ကျန်းမာရေးအတွက် အထူးစောင့်ရှောက်မှုခံယူရန် လိုအပ်သည့်အခါတွင်လည်းကောင်း၊ လားရှိုးမြို့၊ မန္တလေးမြို့နှင့် တရုတ်နိုင်ငံသို့သွားရသည့်အတွက် အခက်အခဲများ ကြုံတွေ့ရပြီး ငွေကြေး ကုန်ကျမှုများပြားခြင်း၊ ငွေကြေးကုန်ကျမှုမတတ်နိုင်သည့် ဒေသခံပြည်သူများအနေဖြင့်များစွာ အခက်အခဲကြုံတွေ့နေရ ခြင်းတို့ကြောင့် ဒေသခံပြည်သူများ၏ အရေးပေါ် လိုအပ်ချက်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆရာဝန်များ အပြည့်အဝခန့်ထားပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆရာဝန်များ အပြည့်အဝခန့်ထားပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။