(က)-ထူးချွန်ထက်မြက်ပြီး အောင်မြင်သော ဘွဲ့ရကျောင်း/သူများကို နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ခြင်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ်ကို စီမံခန့်ခွဲသည့် နေရာတွင် လုပ်ငန်းသဘာဝနှင့် ကိုက်ညီသောလူမှန်၊ နေရာမှန်ရွေးချယ် ခန့်ထားနိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုမှ ချမှတ်ထားသော စီမံချက်များ၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ဝန်ထမ်းများအပေါ် မူတည်နေသည်ကို တွေ့ရရှိရပါကြောင်း၊

ယနေ့ တက္ကသိုလ်ပေါင်းစုံမှ ထူးချွန်ထက်မြက်သည့် ဘွဲ့ရကျောင်းသား/သူများကို နှစ်စဉ်မွေးထုတ် ပေးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ဥပမာအားဖြင့် မကွေးနည်းပညာတက္ကသိုလ်မှ B.E (Electrical Power) ဖြင့် ဘွဲ့ရကျောင်းသူတစ်ဦး အမှတ်စာရင်းကို ကြည့်မည်ဆိုပါက ရှစ်ဘာသာရှိသည့်အထဲက ခုနစ်ဘာသာလုံး ဂုဏ်ထူးထွက်သည်ကို တွေ့ရှိရသည်မှာ အောင်မြင်သည့် ကျောင်းသား/သူများအဖြစ် တက္ကသိုလ်ပေါင်းစုံတွင် နှစ်စဉ်ပေါ်ထွက်သည်ကို တွေ့ရှိရပါကြောင်း၊

ပညာကလည်း ဆက်မသင်နိုင်၊ အလုပ်ကလည်း အလွယ်မရသည့် နောက်ဆုံး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီလာပြီး အလုပ်လာလျှောက်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ Master နှင့် Honours များ ကျောင်းပြီးဘွဲ့ရများ၊ ကျောင်းသား/သူများ ကျောင်းဆရာ/မများ ဝင်လျှောက်နေချိန်တွင် မကွေးနည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာဖြင့်ပြီးသည့် အတော်ဆုံး ကျောင်းသားတစ်ယောက်ကို နှစ်စဉ်တစ်နှစ်တစ်ယောက် ဂျပန်နိုင်ငံဖူဂျီကုမ္ပဏီမှ အလုပ်ပေးသည်ကို တွေ့ရှိရသည့်အပြင် မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် အထူးပြုကွန်ပျူတာဖြင့် ပညာသင်ဆဲဖြစ်သည့် ကျောင်းသား/သူ ၅ ယောက်ကိုလည်း ဂျပန်ယမ်း ၁၉၀၀၀၀ နှင့် အလုပ်ခေါ်ခြင်း၊ ရေကြောင်းတက္ကသိုလ်မှ ကျောင်းသား/သူများကို၊ ဂျပန်နိုင်ငံမှ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနေသည်ကိုလည်း တွေ့ရှိရသည့်အခါ တိုင်းပြည်အတွက် ဦးနှောက်ယိုစီးခြင်း၊ ဦးနှောက်ဖောက်စားခံရခြင်းများဖြစ်သည့်အတွက် ယခုလိုထူးချွန်ထက်မြက်သည့် တက္ကသိုလ်ပေါင်းစုံမှ ဘွဲ့ရကျောင်းသား/သူများကို နိုင်ငံတော်အစိုးရမှ နိုင်ငံတကာကို ပညာတော်သင်စေလွှတ်ပြီး မိမိတိုင်းပြည်၏ တက္ကသိုလ်များ၊ ကောလိပ်များတွင် ပြနလည်ပြီး ပညာပို့ချခိုင်းမည်။ သို့ဖြစ်ပါ၍ ထူးချွန်ထက်မြက်ပြီး အောင်မြင်သောဘွဲ့ရ ကျောင်းသား/သူများကို နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ရန် အစီအစဉ်ရှိ/မရှိနှင့် ထူးချွန်ထက်မြက်ပြီး အောင်မြင်သောဘွဲ့ရ ကျောင်းသား/သူများကို ၎င်းတို့နှင့် သင့်လျော်ကိုက်ညီသော အလုပ်များခန့်ထား တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။