(ဂ)-ရဲနယ်မြေ (၅) ခု အနက် စေတီပြင်နယ်မြေနှင့် လောင်ချောင်းနယ်မြေကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တာဝန်ယူ စေပြီးမြို့မနယ်မြေ၊ ကူတောင်နယ်ခြား စောင့်နယ်မြေ၊ ကျောက်တန်းနယ်ခြားစောင့်နယ်မြေတို့ကို မြို့နယ်ရဲတပ်ဖွဲ့ အား တာဝန်ယူဆောင်ရွက်စေရန် အစီအစဉ်ရှိ/မရှိ မေးခွန်း

2020-12-18

ရသေ့တောင်မြို့နယ်ရှိ ရဲနယ်မြေငါးခုအနက် မေယူမြစ်အနောက်ဘက်ခြမ်းတွင်ရှိသော စေတီပြင် နယ်မြေနှင့် လောင်ချောင်းနယ်မြေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ယူစေပြီး မေယုမြစ်အရှေ့ဘက် ခြမ်းတွင် မြို့မရဲစခန်းအပိုင်နယ်မြေနှင့် တစ်ဆက်တစ်စပ်တည်းရှိသော မြို့မနယ်မြေ၊ ကူတောင် နယ်ခြားစောင့်နယ်မြေ၊ ကျောက်တန်းနယ်ခြားစောင့်နယ်မြေတို့ကို မြို့နယ်ရဲတပ်ဖွဲ့အား တာဝန်ယူ ဆောင်ရွက်စေရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရသေ့တောင်မြို့နယ်ကို ယခင်က မြို့နယ်ရဲတပ်ဖွဲ့နယ်မြေအဖြစ် ငါးခုခွဲပြီး ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် (နဆက) နယ်စပ်ကွပ်ကဲရေးအဖွဲ့များ စတင်ပေါ်ပေါက်ချိန်တွင် ရသေ့တောင်မြို့နယ်ကို နယ်စပ်ကွပ်ကဲရေး (နဆက) နယ်မြေအဖြစ် စေတီပြင်နယ်မြေရုံး၊ အငူမော်စခန်း၊ ဘို့တန်ကောက်စခန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နဆက စခန်းများကို ရုတ်သိမ်းခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ (နခပ) ဝင်ရောက်လာ၍ နယ်မြေတာဝန်ကို ဆက်လက်တာဝန်ယူ ဆောင်ရွက်နေပါကြောင်း၊ ၁-၇-၂၀၁၆ ရက်နေ့တွင် အမှတ် (၁၃) ရဲတပ်ရင်းကို အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့လက်အောက်ကို သွင်းယူကာ အမှတ် (၃) နယ်ခြားစောင့်ရဲ အဖွဲ့ခွဲဟု အမည်ပြောင်းလိုက်ပါကြောင်း၊ နယ်မြေရဲစခန်းရဲကင်းများကိုလည်း အထက်အမိန့်အရ ရုပ်သိမ်းခဲ့ပြီး ရသေ့တောင်မြို့ပေါ်ရှိ ရဲစခန်းတစ်ခုထဲတွင် ရဲအရာရှိ ၁၀ ဦး၊ အခြားအဆင့် ၇၃ ဦးကို ယနေ့ထိ တစ်စုတစ်စည်းထဲ ထားရှိခဲ့ပါကြောင်း၊ မိမိနယ်မြေငါးခုက မြို့မနယ်မြေ၊ ကူတောင်နယ်မြေ၊ ကျောက်တန်းနယ်မြေ၊ စေတီပြင်နယ်မြေနှင့် လောင်ချောင်းနယ်မြေများ၏ ရပ်ကွက်၊ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေများကို မေးခွန်းတွင် ထည့်ပေးထားပြီးသား ဖြစ်ပါကြောင်း၊ ၎င်းနယ်မြေငါးခုကို မေယုမြစ်ပိုင်းခြားလျက်ရှိခြင်းကြောင့် မြို့မနယ်မြေ၊ ကူတောင်နယ်မြေ၊ ကျောက်တန်းနယ်မြေသည် မေယုမြစ်၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး စေတီပြင်နယ်မြေ၊ လောင်ချောင်းနယ်မြေသည် မေယုမြစ်၏ အနောက်ဘက်ခြမ်းတွင် ရှိပါကြောင်း၊ ထို့ကြောင့် နယ်မြေကိုခွဲခြား တာဝန်ယူမည်ဆိုပါက မြစ်ကမ်းတစ်ဖက်တည်းရှိသည့် နယ်မြေများကိုသာ စုစည်းတာဝန်ယူသင့်သည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ ထိုနယ်မြေငါးခုအနက် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မနယ်မြေ တစ်ခုတည်းကိုသာ တာဝန်ယူရပြီး ကျန်နယ်မြေလေးခုကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က သီးသန့်တာဝန်ယူရပါကြောင်း၊ မှုခင်းတစ်စုံတရာ ဖြစ်ပေါ်ပါက နယ်မြေရဲတပ်ဖွဲ့အနေဖြင့် သတ်မှတ်နေရာများကို ကျော်ပြီးတာဝန်ယူ ဆောင်ရွက်ခွင့် မရှိသည်ကိုလည်း သိရှိရပါကြောင်း၊ အမှုဖွင့်တိုင်ကြားလိုသူများသည်လည်း မိမိတို့နေထိုင်သည့် နယ်မြေနှင့်အနီးဆုံးဖြစ်သည့် ရသေ့တောင်မြို့ပေါ်ရှိ နယ်မြေရဲတပ်ဖွဲ့ကို တိုင်ကြားခွင့်မရရှိဘဲ မြစ်ကူး၊ ချောင်းကူးပြီး ဝေးလံသည့် နယ်ခြားစောင့်ရဲကိုသွားရောက် တိုင်ကြားရပါကြောင်း၊ ဥပမာ လူသတ်မှုဖြစ်တစ်ခုဖြစ်လျှင် နေရာဝေးခြင်းကြောင့် တိုင်ကြားသူများမှာ အချိန်ကုန်၊ ငွေကုန်ခြင်းနှင့် လူပင်ပန်းခြင်းတို့ကြောင့် တရားစွဲဆိုရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် ချက်ချင်းတိုင်ကြားမှုမရသည့်အတွက်လည်း တရားခံများထွက်ပြေး လွတ်မြောက်သွားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ရသေ့တောင်မြို့မစခန်းအနေဖြင့် ဝန်ထမ်းအင်အား ၈၃ ဦးရှိပြီး မြို့မနယ်မြေတစ်ခုတည်းကိုသာ တာဝန်ယူဆောင်ရွက် နေခြင်းကြောင့် မြို့ပေါ်ရဲတပ်ဖွဲ့ဝင်များ၏ အင်အားဆုံးရှုံးမှုနှင့် နယ်မြေခန့်ခြင်း တာဝန်ပေးနိုင်ခြင်း မရှိသည့်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုသည် တစ်မြို့နယ်လုံးကို လွှမ်းခြုံသည့် အခြေအနေမရှိပါကြောင်း၊  သို့ဖြစ်ပါ၍ အချိန်နှင့်တစ်ပြေးညီ လုပ်ကိုင်နိုင်ပြီး နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသည့် အုပ်ချုပ်မှုစနစ် ဖြစ်စေရေးအတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။