(ခ)-ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ကြား မြေနေရာတွင် မီးသတ်စခန်းခွဲ (၁) ခု၊ စက်မှုဇုန် (၁)၊ (၂)၊ (၃) အတွင်းရှိ မြေနေရာတွင် မီးသတ်စခန်းခွဲ (၁) ခု ချထားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၅၆ ရပ်ကွက်နှင့် ၇၀ ရပ်ကွက်ကြား မြေနေရာတွင် မီးသတ် စခန်းခွဲ(၁)ခု၊ စက်မှုဇုန်(၁)၊ (၂)၊ (၃) အတွင်းရှိ သင့်လျော်သောမြေနေရာတွင် မီးသတ်စခန်းခွဲ(၁)ခု ခွင့်ပြုချထားပေးရန်နှင့် မြို့နယ်မီးသတ်စခန်းအတွင်းရှိ ဟောင်းနွမ်းနေသော ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့မြို့နယ်သည် အရှေ့အနောက် သုံးမိုင်၊ တောင်မြောက် ၁၂ မိုင် ရှည်လျားပြီး စုစုပေါင်း စတုရန်းမိုင် ၃၀.၅၄၅ မိုင်ရှိပြီး ရပ်ကွက်ပေါင်း ၄၄ ရပ်ကွက်ဖော်ထုတ်ပြီး ၃၂ ရပ်ကွက်တွင် လူနေထိုင်မှု ၃၇၀၀၀၀ ရှိပါကြောင်း၊ ထို့အပြင် စက်မှုဇုန်လေးဇုန်ရှိပြီး စက်မှုလက်မှုအလုပ်ရုံပေါင်းက ၁၃၆၈ ရုံ ခန့်ရှိသော မြို့နယ်လည်းဖြစ်သည့်အပြင် ယခုလက်ရှိအနေဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့တွင် ဝန်ထမ်းအင်အား ၂၄ ယောက်၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ အထောက်အကူပြု ယာဉ်တစ်စီးဖြင့်လည်းကောင်း၊ လေးထောင့်ကန် မီးသတ်တပ်ဖွဲ့ခွဲသည် ဝန်ထမ်းအင်အား ခုနစ်ယောက်၊ မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့်လည်းကောင်း မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးအတွက် ဆောင်ရွက်နေရပါကြောင်း၊ သို့သော် လူနေထူထပ်သော ရပ်ကွက်များကို လွှမ်းခြုံပြီးသော်လည်းကောင်း၊ မကြာမီအဆင့်မြှင့်တင်မည့် စက်ရုံ၊ အလုပ်ရုံများစွာအတွက် လည်းကောင်း၊ ပိုမိုပြည့်စုံသော မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နိုင်ရေးအတွက် တင်ပြတောင်းခံရခြင်း ဖြစ်ပါကြောင်း၊
ထို့အပြင် မီးသတ်ဝန်ထမ်းများအနေဖြင့်လည်း ၂၄ နာရီ မီးဘေးလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်များ ထမ်းဆောင်နေကြရပြီး နေထိုင်ရမှုများမှာ မိသားစုများအနေဖြင့် အိမ်ထောင်သည် ၁၄ စုရှိသော်လည်း ဝန်ထမ်းအိမ်ရာ ကိုးခန်းသာရှိပြီး ဝန်ထမ်းအိမ်ရာများမှာလည်း ကျဉ်းမြောင်း ဟောင်းနွမ်းနေခြင်း၊ လူပျိုတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ၁၁ ဦးခန့်ရှိပြီး လူပျိုအဆောင်မရှိပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ဝန်ထမ်းအိမ်ရာအသစ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။