(ဃ)-မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေးလုပ်ကိုင်သူများအတွက် မွေးမြူရေးမြေနေရာကို တရားဝင် ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံအတွင်း အချိန်တိုခြောက်လ၊ တစ်နှစ်အတွင်း ဝင်ငွေများများ ရှာပေးနိုင်သည်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်သည့်အတွက် ထိုလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ရင်းနှီးမြှုပ်နှံ၊ ပံ့ပိုးကူညီပေးလျှင် အချိန်တိုကာလအတွင်း နိုင်ငံ့ဝင်ငွေအများကြီးရရှိမည့်အပြင် ပြည်သူများ၏ စာဝတ်နေရေးချောင်လည်လာမည် ဖြစ်ပါကြောင်း၊ မွေးမြူရေးအားပေးသည် ဆိုသော်လည်း တကယ်မွေးမြူသည့် သူများတွင် မွေးမြူရေးဇုန်နည်းနည်းလေးကလွဲလို့ မွေးမြူရေးမြေ သတ်သတ်မှတ်မှတ် ခွင့်ပြုထားခြင်းမျိုးမရှိပါကြောင်း၊ အိမ်ခြံကွက်လပ်များတွင် မွေးမည်ဆိုသော်လည်း အနီးနားက ကြက်ချေးစော်နံခြင်း၊ ဝက်ချေးစော်နံခြင်း၊ ကြက်သံ၊ ဝက်သံများ ဆူညံခြင်းနှင့် လယ်ထဲတွင်မွေးပြန်သော်လည်း တည်ဆဲလယ်ယာမြေဥပဒေနှင့် မလွတ်မကင်း ဖြစ်နေရပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် ခိုင်မာမှုမရှိသည့်မြေနေရာတွင် မည်သူမျှရင်းနှီးမြှုပ်နှံမှု စိတ်ချလက်ချ မမြှုပ်နှံရဲပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ယိုင်နဲ့နေမှုကြောင့်လည်း ပြည်ပက ကြက်သားများ၊ ဝက်သားများ ပြည်တွင်းကို ပြန်ပြီးစီးဝင်နေပါကြောင်း၊ မွေးမြူသူများ၊ မွေးမြူရေးလုပ်ငန်းနှင့် ပြည်သူလူထု၏ ကျန်းမာရေးကိုပါ ထိခိုက်ရပါကြောင်း၊
မြန်မာနိုင်ငံတွင် မြေအမျိုးအစား ၂၂ မျိုးရှိပြီး စီမံခန့်ခွဲပိုင်ခွင့်ရှိ ဝန်ကြီးဌာနများလည်း အသီးသီးရှိပါကြောင်း၊ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ ဥယျာဉ်မြေ၊ ဓနိမြေ၊ တောင်ယာမြေများဆိုလျှင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံခန့်ခွဲပါကြောင်း၊ တောရိုင်းမြေ၊ မြေရိုင်းမြေလည်း စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံခန့်ခွဲပါကြောင်း၊ သစ်တောကြိုးဝိုင်းမြေကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက စီမံခန့်ခွဲခြင်းဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်သည့် အမှတ်စဉ် (၁၁) တွင် ပါသည့် ကျွဲ၊ နွားစားကျက်မြေဆိုလျှင် ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲခြင်းဖြစ်ပါကြောင်း၊ ယခုလိုစီမံခန့်ခွဲသည့် မြေများထဲတွင် လယ်ယာမြေကို တခြားနည်းအသုံးပြုရန် လျှောက်ထားမည်ဆိုပါက အဆင့်အားဖြင့် ၂၉ ဆင့်၊ အထူးသဖြင့် ကြန့်ကြာနေသည်မှာ မြို့နယ်/လယ်/စီ အစည်းအဝေးမှတ်တမ်းများ၊ မြို့နယ်/လယ်/စီ၏ သဘောထားမှတ်ချက်၊ ခရိုင်/လယ်/စီ အစည်းအဝေးမှတ်တမ်း၊ ခရိုင်/လယ်/စီ၏ သဘောထားမှတ်ချက်၊ တိုင်း/လယ်/စီ၏ အစည်းအဝေးမှတ်တမ်း၊ တိုင်း/လယ်/စီ၏ စိစစ်ချက်အချဉ်းချုပ် စသည်ဖြင့် အစိုးရအဖွဲ့များနှင့် အစည်းအဝေးလုပ်ရန် နှစ်နှင့်ချီပြီးစောင့်နေရပါကြောင်း၊ ထို့ကြောင့် အချိန်တိုအတွင်း နိုင်ငံခြားဝင်ငွေများရရှိရန်၊ ရင်းနှီးမြှုပ်နှံသူများလာရန်၊ ပြည်တွင်းစားသုံးသည့် သူများအဆင်ပြေရန်၊ မွေးမြူရေးသမားများ လိုအပ်နေသည့် မွေးမြူရေးမြေနေရာနှင့် ပတ်သက်၍ မွေးမြူရေးမြေနေရာကို တရားဝင်ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မြေအမျိုးအစားအလိုက် မည်ကဲ့သို့ အဆင့်ဆင့် လျှောက်ထားရမည်ကို ပြည်သူများသိရှိနိုင်ရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။