(ခ)-မိုးမိတ်မြို့တွင် လျှပ်စစ်မီး (၂၄)နာရီ ရရှိသုံးစွဲနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ကျွန်တော်တို့မိုးမိတ်မြို့သည် ရှမ်းစော်ဘွားများလက်ထက်ကတည်းက တည်ရှိခဲ့သည့် မြို့ဖြစ်ပါကြောင်း၊ မြို့အနေအထားအရဆိုလျှင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က လျှပ်စစ်မီးလင်းရေးသည် ၂၄ နာရီရရှိပါကြောင်း၊ ယခုနောက်ပိုင်းတွင် လျှပ်စစ်မီးရရှိမှု မရှိတော့သည့်အတွက် မိုးမိတ်မြို့သည် ယခုဆိုလျှင် ခရိုင်မြို့လည်းဖြစ်နေပြီး စစ်တပ်ကလည်းသုံးတပ်၊ အခြေချစစ်ဗျူဟာတစ်ခု တည်ဆောက်ပြီး အထက်တန်းကျောင်းကလည်းသုံးကျောင်း၊ ကျောင်းခွဲများကလည်း လေးကျောင်းအပြင် အထက်တန်းကျောင်းခွဲများလည်း ရှိပါကြောင်း၊ ယခုဆိုလျှင် ကျောင်းသား/သူများက စာမေးပွဲဖြေသည့်အချိန်တွင် အခက်အခဲဖြစ်သည့်အတွက်ကြောင့် မြို့၏ လျှပ်စစ်မီးကို မည်သည့်နေ့၊ မည်သည့်အချိန်၊ မည်သည့်လတွင် စတင်ပြီးရရှိမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။