(ဂ)-မြေပုံမြို့ပေါ်ရှိ ပြည်သူများ၊ င/မန်းရဲ ကျွန်းတိုက်နယ်ရှိ ကျေးရွာများ၊ မြေပုံမြို့နယ်အတွင်း မဟာ ဓာတ်အားလိုင်း ဖြတ်သန်းသွားရာဒေသရှိ ကျေးရွာများ လျှပ်စစ်မီးသုံးစွဲနိုင်ရန် မည်သို့ စီမံဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မြေပုံမြို့ပေါ် ၉ ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၂၆၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ခန့်ကိုသာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး နိုင်ပါသေးကြောင်း၊ ကျန်နေရာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြို့နယ် လျှပ်စစ်မှူးကို မေးကြည့်သည့်အခါ သဲတန်းရပ်ကွက်နှင့် ကံသာထွက်ရပ်ကွက်အတွက် ၁၁/ဝ.၄ ကေဗွီ အေ ထရန်စဖော်မာနှစ်လုံး တပ်ဆင်နိုင်ရန် လိုအပ်သည်ဟု ပြောပြသည့်အတွက် ၎င်းမြို့ပေါ်တွင် လျှပ်စစ်မီး အလုံအလောက်ရရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ကူညီဆောင်ရွက်နိုင်မည်ကို ပထမဦးစွာ သိရှိလိုပါကြောင်း၊ ဒုတိယအနေဖြင့် မြေပုံမြို့၏ ၁၀ မိုင်ပတ်လည်အတွင်းရှိ င/မန်းရဲကျွန်းတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အဆိုပါဒေသရှိ ကျေးရွာအမြောက်အများက ရွာပေါင်း ၁၀ ကျော်က မျှော်လင့် တောင့်တနေကြပါကြောင်း၊ အဆိုပါဒေသကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည်ဆိုပါက ပေ ၁၅၀၀ ခန့်ရှိ ကြပ်စင်မြင်‌့နှင့် ပေ ၃၅၀ ခန့်ရှိ မဟိုင်းချောင်းတို့ကို ဖြတ်ပြီး သွယ်တန်းရမည်ဖြစ်သည့်အတွက် ၎င်းဒေသလျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးဌာနကမည်ကဲ့သို့ကူညီဆောင်ရွက်သွားမည်ကို သိရှိလို ပါကြောင်း၊ တတိယမေးခွန်းအနေနှင့် မင်းပြားမြို့၊ မြေပုံမြို့၊ အမ်းမြို့  မဟာဓာတ်အားလိုင်း ဖြတ်သန်းသွားသည့် လိုင်းအောက်ရှိ ကျေးရွာပေါင်း ၃၅ ရွာရှိပြီး ကျေးရွာအများအပြား လျှပ်စစ်မီးမရှိကြသေးပါကြောင်း၊ ၎င်းတို့ကလည်း လျှပ်စစ်ဓာတ်အားလိုင်းကိုကြည်‌့ပြီး မြင်သာမြင်ရ မကြင်ရဆိုသည့်ဘဝမျိုးနှင့် လျှပ်စစ်မီးရရှိရန် မျှော်လင့်နေကြပါကြောင်း၊ ထိုအခက်အခဲကိုလည်း ဝန်ကြီးဌာနမှ  မည်သို့ကူညီဆောင် ရွက်ပေးသွားမည်ကို သိလိုပါကြောင်း မေးမြန်းခဲ့သည်။