(ဂ)-ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာမှ ပုံဝိုးကျေးရွာအထိ (၂၄/၄) မိုင် ရှည်သောလမ်းအား ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကျွဲကုန်းကျေးရွာမှ ပုံဝိုးကျေးရွာအထိ (၂၄/၄)ဖာလုံမိုင် ရှိသည့်လမ်းသည် ကျေးရွာပေါင်း ၁၅ ရွာမှ အိမ်ခြေပေါင်း ၁၄၃၅ အိမ်၊ လူဦးရေ ၆၈၈၅ ဦး၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး နေ့စဉ်နှင့်အမျှ သွားလာနေရသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းကို မှီတင်းနေရသည့် အဓိကကျေးရွာ ၁၅ ရွာမှာ ကျွဲကုန်းကျေးရွာ၊ ဆိုက်ခေါင်ကျေးရွာ၊ နောင်ပိန်လေးကျေးရွာ၊ ကောင်းဟုန်း ကျေးရွာ၊ နားပိန်းကျေးရွာ၊ နားပုံကျေးရွာ၊ အေးသာယာကျေးရွာ၊ နောင်ကွမ်ကျေးရွာ၊ ပင်းဆော့ ကျေးရွာ၊ ခဲရှင်ကျေးရွာ၊ ဟုန်လိုင်းကျေးရွာ၊ မန်ခိုက်ကျေးရွာ၊ ပန်ဆံကျေးရွာ၊ နားပုံကျေးရွာနှင့် ဟုန်ဟိုး ကျေးရွာတို့ဖြစ်ပါကြောင်း၊
ထို့အပြင် ၎င်းလမ်း၏တစ်ဖက်ဆီတွင်ရှိသည့် ကျေးရွာပေါင်း ၁၇ ရွာမှ လူနေအိမ်ခြေ ၁၃၂၀၊ လူဦးရေ ၆၅၈ ဦးတို့ကိုလည်း သွယ်ဝိုက်ပြီး အကျိုးပြုနေတဲ့လမ်းဖြစ်ပါကြောင်း၊ ကျေးရွာ ၁၇ ရွာသည် နမ့်ထွန်၊ နမ့်ပြင်း၊ ပန်လော့၊ ဖာလိမ်၊ လွိုင်ဆာ၊ နောင်လှိုင်၊ နမ့်မွန်၊ ခေါက်ဟိုးလွင်၊ နမ့်ဟွာ၊ နမ့်စော၊ နမ့်ခေါ၊ မန်လေ၊ ကုန်နောင်၊ ဟန်နောင်၊ သိန်းထောင်၊ နမ့်ဟီ နှင့် ပေါက်အင်းကျေးရွာတို့ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးရွာနေပြည်သူလူထုများ၏ လူနေမှုဘဝကို မြှင့်တင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်မြှင့်မားနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူအကျိုးပြုနိုင်စေရန် ရာသီမရွေး လွယ်ကူစွာ သွားလာနိုင်စေရန် ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ်သို့ အဆင့်မြှင့်တင်ခင်းပေးနိုင်ပါ ရန် မေးမြန်းခဲ့သည်။