(က)-ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လိုအပ်နေသော အဆင့်မီ ဖြည့်စွက်ထောက်ပံ့အင်္ဂါရပ်များ (Road Furniture and facilities) ဖြည့်ဆည်းကာ စည်းကမ်းအားနည်းချက်များလည်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးသည် ယခုအချိန်တွင် အဆင့်မြင့်အဝေးပြေးယာဉ် များ၊ ကုန်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များဖြင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များစွာဖြင့် အပတ်စဉ် အသွား/အပြန်များအပါအဝင် တစ်နှစ်အတွင်း ယာဉ်စီးရေ ၈၀၀၀ မှ ၁၀၀၀၀ ခန့်အကြား ဖြတ်သန်း သွားလာနေသော လမ်းမကြီးဖြစ်ပါကြောင်း၊ ၎င်းလမ်းပေါ်တွင် ၁၁၅ မိုင် (ဖြူး)နှင့် ၂၈၅ မိုင် (မိတ္ထီလာ) တို့သည် ယာဉ်ရပ်နားစခန်းအဖြစ် မူလလမ်းဒီဇိုင်းရေးဆွဲစဉ်က တည်ဆောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သော် လည်း ယခုအခါ နိုင်ငံတော်ကစီမံသည့် ဘောနတ်ကြီးစခန်း၊ စကားအင်းနှင့် နေပြည်တော်ရပ်နား စခန်းအပါအဝင် လမ်းနယ်ပယ်ပြင်ပတွင် စားသောက်ဆိုင်များစွာဖြစ်ပေါ်လာသည့်အတွက် ခရီးသွား ပြည်သူများအနေဖြင့် ရွေးချယ်ခွင့်ပိုမိုလာသကဲ့သို့ ညအချိန်လမ်းတစ်လျှောက် အကူအညီတောင်း နိုင်သည့်နေရာများ၊ မီးအလင်းရောင်များတိုးတက်လာသည်မှာ ကျေနပ်စရာဖြစ်ပါကြောင်း၊ အများဆုံး သန့်စင်ခန်းက သာမန်အောက်ဆင့်ခန့်သာရှိသည့် သုံးနေရာသာရှိပြီး ခရီးသည် တစ်ယောက် ၁၀၀ ကျပ် ကောက်ခံလျက်ရှိပါကြောင်း၊ လမ်းအသုံးပြုခပေးဆောင်ပြီး ဖြတ်သန်းရသည့်လမ်းမကြီးအပေါ် တွင် ၎င်းသန့်စင်ခန်းများအတွက် ဝန်ဆောင်ခထပ်မံတောင်းခံနေသည်မှာ အလွန်စိတ်ပျက်ဖွယ်ရာ ကောင်းပါကြောင်း၊ ညဘက်ရောက်သွားသည့်အခါ လုံခြုံမှုမရှိသကဲ့သို့ ခံစားရပြီး သန့်ရှင်းမှုကလည်း အားနည်းလှသည့်အတွက် အုပ်ချုပ်မည့် ဝန်ထမ်း၊ သန့်ရှင်းမည့် ဝန်ထမ်းများ ခန့်အပ်ရန်၊ လျှပ်စစ် ဓာတ်အားသွယ်တန်းပေးရန် အစီအစဉ်၊ စီစဉ်မည့်စရိတ်သည့် မိမိတွက်ကြည့်ရာ တစ်လလျှင် ကျပ် သိန်း ၃၀ ထက် ပိုမကုန်နိုင်ပါကြောင်း၊ ၎င်းတို့ကို ယာဉ်အသုံးပြုခထဲကဖြစ်ဖြစ်၊ ဆိုင်ခန်းတရားဝင် ဆောက်လုပ်ပေးပြီး ငှားရမ်းပေးခြင်းဖြစ်ဖြစ် အလွယ်တကူဖြေရှင်းနိုင်ပါကြောင်း၊ နိုင်ငံတကာက လမ်းမကြီးများတွင်လည်း သန့်စင်ခန်း ဝန်ဆောင်မှုအခမဲ့ Complementary ဖြစ်ဖြစ် သန့်ရှင်းသပ်ရပ် ခြင်းများ တွေ့ရှိရမည် ဖြစ်ပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် မူလလမ်းဒီဇိုင်းထဲတွင်မပါရှိသည့် မိုင်တိုင်(၇၆)တွင် နားနေစခန်းသစ်တစ်ခုကို ဖွင့်လှစ်လိုက်သည်ကို ခြေလှမ်းသစ်တစ်ရပ်အနေဖြင့် တွေ့ရှိရသော်လည်း အဆိုပါရပ်နားစခန်းသည် လမ်းမကြီးအပေါ်ကိုမေးတင်ပြီး ဆောက်လုပ်ထားသည့်အတွက် ၁၁၅ မိုင် ရပ်နားစခန်းကဲ့သို့ လမ်းမကြီးနှင့် ခွာမထားသည့်အတွက် ယာဉ်အန္တရာယ်ကို စိုးရိမ်စဖွယ်တွေ့နေရသည့်အပြင် အမြန် လမ်းမကြီးဥပဒေတွင် ပြဋ္ဌာန်းထားသော ဥပဒေပါအချက်အလက်များကို ဝန်ကြီးဌာနကဖွင့်လှစ်သည့် စခန်းဖြစ်သည့်အတွက် လျှော့လျှော့ပေါ့ပေါ့ ဥပဒေနှင့်ကိုက်ညီသည်ဆိုပါက တခြားပုဂ္ဂလိကများက လည်း ယခုပုံစံဖြင့် ဆောက်လုပ်ဖွင့်လှစ်ခဲ့မည်ဆိုပါက ခွင့်ပြုပေးရန်အစီအစဉ် ရှိပါသလား၊

အလားတူ အမြန်လမ်းတစ်လျှောက် အမှိုက်များ နေရာတကာတွင် ရှုပ်ပွ၊ပျံ့လွင့်နေသည်မှာ လမ်းဘေး Environment တွင်သာမက လမ်းလယ်ကျွန်းများအပေါ်တွင်ပါ တွေ့ရှိရပါကြောင်း၊ သာမန်အားဖြင့် ခရီးသွားပြည်သူများ စည်းကမ်းမရှိခြင်းဟု စဉ်းစားနိုင်သော်လည်း ခရီးသည်များအနေဖြင့် ကိုယ့် အမှိုက်ကို ကြာရှည်သယ်ယူသွားရန်မှာ အခက်အခဲရှိပါကြောင်း၊ လမ်းတစ်လျှောက် ခန့်မှန်း ကီလို မီတာ ၃၀ ခန့်ကို တစ်ဖက်တစ်ခု အမှိုက်ကန်များတည်ဆောက်ပေးပြီး ခရီးသွားပြည်သူများကို သတိပေးထားပါက လမ်းမကြီးလည်းသန့်ရှင်းသကဲ့သို့ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်မည် ဖြစ်ပါကြောင်း၊ ယာဉ်ရပ်နားစခန်းရောက်မှ အမှိုက်ပစ်ရန်မှာ လက်တွေ့မကျလှပါကြောင်း၊

အမြန်လမ်း၏ Road Furniture မှာ နောက်ထပ်အရေးကြီးသည့်တစ်ခုက လမ်းလယ်က သစ်ပင်များ ကိစ္စ ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သင့်တော်သလို အပင်များ များစွာ စိုက်ပျိုး ထားသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းအပင်များ၏ အရေးကြီးသည့် စွမ်းဆောင်ချက်က တစ်ဖက်နှင့် တစ်ဖက် မျက်နှာချင်းဆိုင်ယာဉ်ကြောက မီးအလင်းရောင်ကို ကာကွယ်ပေးသည့်အပြင် သဘာဝ တားဆီးပေးပြီး ယာဉ်မတော်တဆတိုက်မိပါကလည်း Guard ထက်တောင်မှ လျော့ပါးသက်သာစေ ပါကြောင်း၊ နိုင်ငံတကာတွင် အဆိုပါအပင်များသည် လမ်းဒီဇိုင်းအတိုင်း စနစ်တကျရွေးချယ် စိုက်ပျိုး ထားခြင်း ဖြစ်ပါကြောင်း၊ ယခုအပင်များကို အဆင်ပြေသလိုစိုက်လိုက်သည်မှာ ထန်းပင်လိုအပင်မျိုး များတောင်မှ ပါရှိနေသည့်အတွက် ဌာနမှ ၎င်းဘာသာရပ်ကို သင်ကြားဖူးသူရှိမည်ဟု ယုံကြည် ပါကြောင်း၊ အနည်းဆုံးအနေဖြင့် သစ်တောဦးစီးဌာန၏ အကြံဉာဏ်နှင့်အကူအညီကို ယူခဲ့ပါက များစွာ အဆင်ပြေမည်ဖြစ်ပါကြောင်း၊

ပြည်သူများ အကြီးအကျယ်မှီခိုနေရသော လမ်းမကြီးတစ်ခုဖြစ်နေပြီ ဖြစ်သည့်အတွက် လိုအပ်သည့် အမှိုက်ပစ်သော နေရာများ၊ အဆင့်မနိမ့်သော အများသုံးသန့်စင်ခန်းများ၊ လိုအပ်သည့်နေရာက လမ်းမီးများအပြင် နိုင်ငံတကာလမ်းမကြီးများကဲ့သို့ စနစ်ကျသည့် အစိမ်းရောင်လမ်းညွှန်ဆိုင်းဘုတ် များ စသည့်အင်္ဂါရပ်များ ဖြည့်ဆည်းထားရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စသည် လမ်းမကြီး အရည်အသွေးမြှင့်တင်သကဲ့သို့ ကုန်ကျစရိတ်များ၊ အရင်းအနှီးကြီးမားသည့်ကိစ္စမျိုးလည်း မဟုတ် ပါကြောင်း၊ တိုးတက်ရရှိနေသော ယာဉ်အသုံးပြုခများ၊ လမ်းတစ်လျှောက် ဆိုင်ခန်းငှားခများနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သည့်အတွက် မိမိအနေဖြင့်  ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးတစ်လျှောက် လိုအပ်နေသော အဆင့်မီ ဖြည့်စွက်ထောက်ပံ့အင်္ဂါရပ်များ (Road Furniture and facilities) ဖြည့်ဆည်းကာ စည်းကမ်းအားနည်းချက်များလည်း ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။