(စ)-မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် နေသည့် လှိုင်သာယာစက်မှုဇုန် နေ့ကလေးထိန်းကျောင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
လှိုင်သာယာမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံဆောင်ရွက်နေသည့် စက်မှုဇုန် နေ့ကလေးထိန်းကျောင်းသုံးကျောင်း ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက စီမံဆောင်ရွက်နေသည့် နေ့ကလေးထိန်းကျောင်းနှစ်ကျောင်းရှိပြီး ကလေးငယ် ၂၂၀ ဦးကို တာဝန်ယူသင်ကြားပေးလျက် ရှိပါကြောင်း၊ လှိုင်သာယာမြို့နယ်တွင် လူဦးရေရှစ်သိန်းကျော်ခန့် နေထိုင်ပါကြောင်း၊ အလုပ်သမားမိသားစုများပြားသည့်အတွက် မိဘများ သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဆင်းကြရသည့်အတွက် ကလေးသူငယ်များလည်း လွန်စွာ များပြားပါကြောင်း၊ ယနေ့ကလေးငယ်များသည် နောင်အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ၊ ပညာရှင်များဖြစ်လာမည့်သူများ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် ခေါင်းဆောင်ကောင်း၊ ပညာရှင်များဖြစ်လာမည့် ကလေးသူငယ်များကို ငယ်ရွယ်စဉ်ကလေးဘဝကတည်းက စနစ်တကျ ပြုစုပျိုးထောင်ပေးရန် အမှန်တကယ်လိုအပ်ပါကြောင်း၊ မြို့သစ်များကို လယ်ယာမြေများအပေါ် တွင် အကောင်အထည်ဖော်ဆောင်ရွက်ကြပါကြောင်း၊ လှိုင်သာယာမြို့နယ် နေ့ကလေးထိန်း ကျောင်း ငါးကျောင်းကိုလည်း မြို့သစ်စတည်ကတည်းက တည်ဆောက်ထားရပါကြောင်း၊ ယနေ့ အချိန်တွင် နေ့ကလေးထိန်းကျောင်းများ၏ မြေမျက်နှာပြင်များသည် လမ်းမြေမျက်နှာပြင်များထက် လွန်စွာမှနိမ့်ကျနေပါကြောင်း၊ မိုးတွင်းအခါ နေ့ကလေးထိန်းကျောင်းအတွင်း ရေများနစ်မြုပ် နေသည့်အတွက် ကျောင်းသို့လာသောကလေးငယ်များသည် ကျောင်းအဝင်လမ်းများရေမြုပ် နေသည့်အတွက် ရေထဲလမ်းလျှောက်ပြီး လာခဲ့ရပါကြောင်း၊ ကျောင်းဝင်းအတွင်း မြေကွက်လပ် အလွတ်များရှိနေသော်လည်း ရေနစ်မြုပ်မှုဒဏ်ခံနေရသည့်အတွက် ကလေးကစားကွင်းများကို လည်း မတည်ဆောက်နိုင်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များပြုစု ပျိုးထောင်ရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်နေ့ကလေးထိန်း ကျောင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန် ယူစီမံဆောင်ရွက်ပေးပြီး လှိုင်သာယာမြို့နယ်ရှိ နေ့ကလေးထိန်းကျောင်းငါးကျောင်းကို အဆောက် အဦများနှင့် ကလေးကစားကွင်းများ၊ ကျောင်းအဝင်လမ်းများကို အဆင့်မီပြုပြင်ဆောင်ရွက် ပေးခြင်း၊ သင်ကြားမည့် ဆရာ၊ဆရာမများကိုလည်း ဝန်ထမ်းအင်အားသတ်မှတ်ချက်ပြည့်မီအောင် ခန့်ထားပေးရန် အစီအစဉ်ကို မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။