(ခ)-မန္တလေးတက္ကသိုလ်အား အဆင့်မြင့်ပညာရပ်များသင်ကြားရာ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ ရပ်ဝန်းကောင်းတစ်ခုအဖြစ် စနစ်တကျ အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မန္တလေးတက္ကသိုလ်ကို ၁၉၂၁ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံအဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မန္တလေးဦးပစာ ကောလိပ်အဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ဝိဇ္ဇာ၊ သိပ္ပံ၊ ဆေးပညာ၊ စိုက်ပျိုးရေးနှင့် မကွေးကောလိပ်တို့ပါဝင်သည့် မဟာဌာနကြီးလေးခုဖြင့် ဖွဲ့စည်းသည့် မန္တလေးတက္ကသိုလ်ကို စတင်ထူထောင်ခဲ့ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် အချိန်တွင် မန္တလေးတက္ကသိုလ်၏ သက်တမ်းသည် နှစ် ၁၀၀ နီးပါးနှင့် မန္တလေးတက္ကသိုလ်အဖြစ် ထူထောင်ခဲ့သည့်နှစ် ၆၀ သက်တမ်းရှိပြီးဖြစ်ပါသဖြင့် တက္ကသိုလ်များတွင် သင်ကြားရေးနှင့် ကျောင်းသား/သူ အဆောင်များအပါအဝင် အဆောက်အဦအများစုက အနည်းဆုံးအနှစ် ၄၀ မှ အနှစ် ၁၀၀ သက်တမ်းရှိသည့် တစ်ထပ်အဆောက်အဦများသာ ဖြစ်ပါကြောင်း၊ မန္တလေးတက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်ပြီးလျှင် သက်တမ်းအရင့်ဆုံးနှင့် ပညာရှင်ပေါင်းမြောက်မြားစွာ မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပါကြောင်း၊ ယခုလိုဆယ်စုနှစ်ပေါင်း မြောက်မြားစွာအတွင်း ဘွဲ့ကြိုတန်းများ မဖွင့်လှစ်နိုင်ဘဲ ပိတ်ထားခဲ့ရသည့်ကာလ တစ်လျှောက်တွင် စာသင်ဆောင်အများစုသည် ပျက်စီးခြင်းများစွာ ဖြစ်ခဲ့ရပါကြောင်း၊

 မန္တလေးတက္ကသိုလ်သည် ယနေ့အချိန်မှာဆိုလျှင် ဘာသာရပ်ပေါင်း ၂၅ ခု၊ ဘွဲ့ကြိုတန်းတွင် ပါရဂူတန်းအထိ သင်တန်းပေါင်း ၂၀၆ တန်း၊ ဒီပလိုမာတန်းပေါင်း ၁၂ ခု၊ သုတေသနလုပ်ငန်း အမြောက်အမြား၊ ကျောင်းသားပေါင်းထောင်ချီပြီး လေ့ကျင်‌့သင်ကြားမွေးထုတ်ပေးနေသည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာအဆောက်အဦးများ ပညာသင်ကြားရာ၊ သုတေသနလုပ်ရာ ရပ်ဝန်းကြီးတစ်ခုလုံး၏ အဆောက်အဦများသည် အဘက်ဘက်က နိမ့်ကျပျက်စီးလျက်ရှိပါကြောင်း၊ တချို့သော ပညာသင်ကြားရာရပ်ဝန်းနှင့် ထက်ဝက်သော အဆောက်အဦများက တက္ကသိုလ်တစ်ခု၏ အဆင့်အတန်းနှင့် သင့်လျော်ခြင်းမရှိသည့်အတွက် အန္တရာယ်ရှိ အဆောက်အဦများအဖြစ် ကျရောက်နေသည်ကို တွေ့ရှိရပါကြောင်း၊ တိုးတက်လာသော ခေတ်နှင့်အညီ မန္တလေးတက္ကသိုလ် ဘက်စုံအဆင့်မြှင့်တင်ရေး ကော်မတီဖွဲ့ပြီး မြေတန်ဖိုးမြင့်မားလာသည့် မန္တလေးတက္ကသိုလ်မြေကို Master Plan ချပြီး စနစ်တကျ ပြုပြင်ပြောင်းလဲ ရန် လိုအပ်လျက်ရှိပါကြောင်း၊ မန္တလေးတက္ကသိုလ်တွင် ယခုအခါ နိုင်ငံတကာတက္ကသိုလ်များနှင့် သဘောတူနားလည်မှု စာချုပ်များရေးထိုးလျက် သင်ကြားရေး၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့်‌ ပူးပေါင်းဆောင်ရွက် နေပြီဖြစ်ပါသောကြောင့် နိုင်ငံတကာက ကျောင်းသားများကလည်း လာရောက်ပညာသင်ကြား နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးစီမံဆောင်ရွက် ပေးရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ မန္တလေးတက္ကသိုလ်မြေပုံကို ကြည့်မည်ဆိုပါက မန္တလေးတက္ကသိုလ် ဝန်ထမ်းများနှင့် ဆရာ/မများနေသည့်အိမ်၊ ထို့အတူ သင်ကြားရေးဇုန်သည် လူနေသည့်အဆောက်အဦထက် သုံးပုံတစ်ပုံသာ ရှိပါကြောင်း၊ သင်ကြားရေးဇုန်အတွင်းရှိ အဆောက်အဦများမှာ တော်တော်ပျက်စီးနေပါကြောင်း၊ သင်ကြားရေးဇုန်ဝန်းထဲမှာဆိုလျှင် ရှစ်လုံးရှိပါကြောင်း၊ ရှစ်လုံးရှိသည့်အထဲတွင် နှစ်လုံးသာသုံးနိုင်ပြီး ကျန်သည့်ခြောက်လုံးမှာ အသုံးပြုနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဒုတိယသက်တမ်းအရင့်ဆုံးဖြစ်သည့် မန္တလေးတက္ကသိုလ်ကို အဆင့်မြင့်ပညာရပ်များ သင်ကြားရာ၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ ရပ်ဝန်းကောင်း တစ်ခုအဖြစ် စနစ်တကျ အဆင့်မြှင့်တင်ပေးရန်အတွက် ပညာရေးဝန်ကြီးဌာနက အမြန်ဆုံးစီမံ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။