(စ)-စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုမှုကို ပြည်သူ့ဘဏ္ဍာငွေ အကုန်အကျသက်သာစေပြီး ကမ်းပါးပြိုကာကွယ်မှုများ များစွာ လုပ်ဆောင်နိုင်ရန်အတွက် တည် ဆောက်ရေး နည်းလမ်းကို ပြောင်းလဲရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မိမိမဲဆန္ဒနယ်တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း၏ ရေတိုက်စားမှုများကြောင့် မြစ်ကြောင်းနှင့်ချောင်း တစ်လျှောက်ရှိ ကမ်းပါးများပြိုကျခဲ့ပြီး နေရာအတော်များများတွင်ရှိသည့် လူနေအိမ်များသည် ပြောင်းရွှေ့ နေရသည့်အတွက် ထပ်မံပြိုကျပါက ပြေးစရာမြေမရှိပါကြောင်း၊ ကမ်းပါးတစ်လျှောက်ရှိ လမ်းများတွင် လည်း ဆိုင်ကယ်၊ ကားများနှင့် အသည်းတအေးအေးသွားလာနေရမှုများကို ကိုယ်တိုင်လည်းကြုံတွေ့ နေရပါကြောင်း၊

ကမ်းပါးပြိုကာကွယ်ရေးအတွက် အောင်းကြီးကျေးရွာတွင် နှစ်တန်းသွားမျောတိုင်တန်းသဲအိတ်ပြည့် အရှည်ထိန်းရေကာတာနည်း ဘိုလာမက်ထရစ်စနစ်ဖြင့် အရှည် ၆၅၀ ပေကို သိန်း ၇၀၀ ခန့်ကုန်ကျပြီး တည်ဆောက်ခဲ့ရာ တစ်နှစ်ကျော်အကြာတွင် ရေကာဆိုက်ထားသည့်နေရာတွင် ကမ်းပါးပြိုမှုများ ထပ်မံ ဖြစ်ပေါ်လာပါကြောင်း၊ ချောင်းကြိုးနှင့် လှေဆွဲမြောင်းကမ်းပါးပြိုကာကွယ်ရေးကို နှစ်တန်းသွားမျောတိုင် တန်း အရှည်ထိန်းရေကာနည်းစနစ်ဖြင့် ပေ ၃၅၀၀ အတွက် သိန်း ၃၀၀ အကုန်အကျခံတည်ဆောက် ထားပြီး လက်ရှိတွင် ကျောင်းစုကျေးရွာ ကမ်းပါးပြိုကာကွယ်ရေးအတွက် နှစ်တန်းသွား မျောတိုင်သွား ၁၃၀ ပေ ၁၀ ခု၊ ၁၁ ခု စုစုပေါင်း အရှည် ၁၄၃၀ နှင့် သုံးတန်းသွား မျောတိုင်သွား ၈၂၀ ပေကို ကုန်ကျငွေ ၂၁၅ သိန်း၊ လေးအိမ်စုကျေးရွာ နှစ်တန်းသွားမျောတိုင်တန်း ရေလွှဲရေကာ ၃၀ ပေ  ၁၀ ခုနှင့် အရှည်ထိန်း ရေကာ ၁၅၀ ပေ ၁၀ ခုစုစုပေါင်းအရှည် ၁၈၀၀ ပေအတွက် ကုန်ကျငွေ ၁၇၂ သိန်းဖြင့် တည်ဆောက် လျက်ရှိပါကြောင်း၊ အောင်းကြီးကျေးရွာရှိ ကျန်အပိုင်းနှင့် ဇီးဖြူကန်အောက်ပိုင်းတို့တွင်လည်း  ကမ်းပါးပြို ကာကွယ်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဒေသခံပြည်သူများ စိုးရိမ်ထိတ် လန့်နေရသည့် ကမ်းပါးပြိုမှုကာကွယ်ရေးများ ပြုလုပ်ပေးထားသည်ကိုလည်း ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

ပြည်သူ့ဘဏ္ဍာများဖြင့်ပြုလုပ်ရသည့် ကမ်းပါးပြိုကာကွယ်ရေးများသည် တာရှည်ခံမည်ဆိုလျှင် ပြည်သူများ အတွက် အကျိုးရှိမည်ဖြစ်ပြီး ကုန်ရကျိုးလည်းနပ်မည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ယခင်က တည်ဆောက်ခဲ့သည့် ကမ်းပါးပြိုကာကွယ်ရေးတည်ဆောက်မှုများသည် အများဆုံး သုံးနှစ်၊ လေးနှစ်သာ ခံပြီး ယခုတည်ဆောက်ရေးများသည်လည်း တာရှည်ခံမည်မဟုတ်ပါကြောင်း၊ ကမ်းပါးပြိုမှုကြောင့် တချို့ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် ဝါးများကိုအသုံးပြုပြီး ကျေးရွာရှိ နားလည်တတ်ကျွမ်းသူများ ဦးဆောင်ပြီး ကမ်းပါးပြိုကာကွယ်ရေးများကို တည်ဆောက်ရာတွင် လက်ရှိအခြေအနေသည် ထိုဒေသများ ၌ ကမ်းပါးပြိုမှုများမရှိတော့ဘဲ သောင်များပြန်ထွန်းလာပါကြောင်း၊ ပေ ၁၅၀ ခန့်အတွက် အများဆုံး ကုန်ကျငွေသည် ၇၀၀၀၀ ခန့်ရှိသည့်အတွက် ထိရောက်မှု များစွာရှိပါကြောင်း၊ ယခုတည်ဆောက် ထားသည့် မဒမတိုင်များသည် အများဆုံးပေအရှည် ၂၀ သာရှိပြီး အလုံးသေးသဖြင့် ရေနက်ထဲ သိပ်မ ရောက်နိုင်ဘဲ ရေထဲလည်းကြာရှည်မခံပါကြောင်း၊ တုတ်ကပ်ရိုက်ပြီး သဲအိတ်ထည့်၍ အိမ်ရိုက်သံဖြင့်ထိန်း ထားသဖြင့် ရေစီးဒဏ်ကိုမခံနိုင်ခြင်းဖြစ်ပါကြောင်း၊ မဒမတိုင်များအစား အုန်းပင်၊ ထန်းပင်များကို အသုံးပြုခြင်းဖြင့် ၎င်းတို့၏ပေအရှည်သည် ၄၀ ခန့်ရှိပြီး မဒမထက်ပို၍ ရေနက်ထဲများစွာဝင်ကာ ကြာရှည် လည်းခံပါကြောင်း၊ တိုင်စိုက်ပြီးချိန်တွင် အိတ်များကာပြီး သဲအိတ်၊ ကျောက်အိတ်များထည့်ခြင်းဖြင့် တည် ဆောက်၍ရပါကြောင်း၊ မိမိမဲဆန္ဒနယ်တွင် အုန်းပင်၊ ထန်းပင်များသည် လွယ်ကူစွာရရှိနိုင်ပြီး တိုင်အကွာ များကိုလည်း ကျဲကျဲအသုံးပြု၍ရသဖြင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ပေအရှည်များများကိုလည်း တည် ဆောက်၍ရပြီး ကမ်းပါးပြိုကာကွယ်ရေးအတွက် များစွာထိရောက်မှုရှိပါကြောင်း၊ ထိုနည်းများအတိုင်း ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းကမ်းပါးပြိုလုပ်ငန်းတွင် သုံးခဲ့ပြီးဖြစ်ပါကြောင်း၊

ခေတ်မီနောက်ဆုံးနည်းစနစ်ကို သုံးစွဲပါက များစွာကုန်ကျမည်ဖြစ်သည့်အတွက် ပြည်သူ့ဘဏ္ဍာငွေဖြင့် ကမ်းပါးပြိုကာကွယ်ရေးပြုလုပ်ရာတွင် ငွေကုန်သလောက် အကျိုးသက်ရောက်မှုရှိစေရေး၊ စရိတ် သက်သာပြီး တာရှည်ခံရေးနှင့် မြစ်ကြောင်းတစ်လျှောက်ရှိ ကမ်းပါးပြိုဒဏ်ကို ခံနေရသည့်ကျေးရွာများ အားလုံး ကာကွယ်မှုပြုနိုင်ရေးတို့အတွက် ဖော်ပြပါနည်းစနစ်မျိုးကို ပြောင်းလဲလုပ်ဆောင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။