(ဂ)-ချီဖွေမြို့နယ်တွင် မြို့နယ်စာရင်းစစ် ဦးစီးရုံးတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ချီဖွေမြို့နယ်တွင် မြို့နှစ်မြို့ရှိပြီး ချီဖွေမြို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်း (၂၃) ခုဖြင့် ပန်ဝါမြို့တွင် ဌာနဆိုင်ရာ (၁၁) ခုရှိပါကြောင်း၊ နိုင်ငံတော်မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်စဉ်ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်သန်း ၂၀၀၀ ကျော်ခန့် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း၊ အဆိုပါဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ငွေကြေးကိစ္စ၊ ချီဖွေမြို့နယ်မှ ၈၇ မိုင်ဝေးကွာသော မြစ်ကြီးနားမြို့ရှိ ခရိုင်စာရင်းစစ်ရုံးသို့ သွားရောက်အစစ်ဆေးခံနေရပါသဖြင့် အချိန်ကုန်၊ စရိတ်ကုန်၊ လူမှုရေး အခက်အခဲများ အမျိုးမျိုးနှင့် ဌာနဆိုင်ရာတွင် ကြုံတွေ့နေရပါကြောင်း၊ ထို့အပြင် ဆော့လော်မြို့နယ်၏ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုများကိုလည်း ချီဖွေမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်ခွဲမှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေရသော်လည်း အလားတူ ချီဖွေမြို့နယ်ကို ကျော်ဖြတ်၍ မြစ်ကြီးနားခရိုင်စာရင်းစစ်ရုံးသို့ သွားရောက် အစစ်ဆေးခံယူလျက် ရှိနေကြပါကြောင်း၊ အကယ်၍များ ချီဖွေမြို့နယ်တွင် မြို့နယ်စာရင်းစစ်ဌာနဦးစီးရုံးတစ်ခု ဖွင့်လှစ်ထားရှိပါက အဆိုပါမြို့နယ်သုံးခုရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား အနီးကပ်ကြပ်မတ်စစ်ဆေး နိုင်သည့်အပြင် သက်ဆိုင်ရာ ဌာနအသီးသီးတို့၏ တာဝန်ထမ်းဆောင်ချိန်နှင့် သွားလာစရိတ်ကုန်ကျမှု အစရှိသော လူမှုရေးအခက်အခဲမျိုးစုံတို့ကို သက်သာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ချီဖွေမြို့နယ်အတွင်း မြို့နယ်စာရင်းစစ်ဦးစီးဌာန ရုံးတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။