(စ)-မာန်အောင် မြို့နယ်၊ သစ်ချောင်းနှင့် ကျီးချောင်းအဝင် ချောင်းအဝများအား မော်တော်နှင့်လှေများ အချိန်မရွေး ဝင်နိုင်/ထွက်နိုင်ရေးအတွက် ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မာန်အောင်ကျွန်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အတွင်းတွင်ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယ အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊ ဘင်္ဂလားပင်လယ်အော်ထဲတွင်ရှိပြီး ရေကြောင်းကိုအဓိက အား ထားသွားလာနေရသည့် ကျွန်းတစ်ကျွန်းဖြစ်ပါကြောင်း၊ မာန်အောင်ကျွန်း၏ အကျယ်အဝန်းသည် စတုရန်း မိုင် ၂၀၂ မိုင်ရှိပြီး ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၃၇ ရွာနှင့် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက် ရှိပါကြောင်း၊ လူဦးရေ ၆၀၀၀၀ ကျော်နေထိုင်လျက် ရှိကြပါကြောင်း၊ မာန်အောင်ကျွန်းတွင် ပြည်သူများ ရေကြောင်းသွားလာသည့်အခါ အဓိကအားထားရသော ချောင်းကြီးသုံးချောင်းရှိပါကြောင်း၊ အုန်းချောင်း၊ ကျီးချောင်းနှင့် သစ်ချောင်းတို့ ဖြစ်ကြပါကြောင်း၊ အုန်းချောင်းက ပြန်လည်တူးဖော်ထားသည့်အတွက် သွားလာရေးမှာ အလွန်အခက်အခဲမရှိတော့ပါကြောင်း၊ ကျီးချောင်းနှင့်သစ်ချောင်းတို့သည် တစ်ကြိမ် တစ်ခါမျှ ပြန်လည်တူးဖော်ထားခြင်းမရှိသည့်အတွက် ဒီရေမတက်ပါက မည်သို့မျှ မော်တော်များ၊ စက်လှေ များသည် ချောင်းအဝင်/အထွက် မရတော့ပါကြောင်း၊ ချောင်းအဝများသည် လုံးဝတိမ်ကောနေပြီး ဒီရေ တက်ချိန်မှသာ ချောင်းကိုဝင်/ထွက် ရပါကြောင်း၊ ဒီရေတက်ချိန်အထိ လေးနာရီခန့် ပင်လယ်ထဲက စောင့်နေရသည့်အတွက် အလွန်အန္တရာယ်များလျက်ရှိနေပါကြောင်း၊ မိမိတို့ငယ်စဉ်က လှေသဗ္ဗာန်ကြီး များသည် ဒီရေအတက်၊ အကျကိုစောင့်ရန်မလိုအပ်ဘဲ ချောင်းအတွင်းသို့ အချိန်မရွေးဝင်၊ ထွက်ရခဲ့ကြ သည့်အတွက် ပြည်သူများစွာ အဆင်ပြေခဲ့ကြပါကြောင်း၊
ယခု ရမ်းဗြဲကျွန်းပေါ်တွင် ကင်းချောင်းတံတားကြီးကို ဆောက်လုပ်နေပြီဟု သိရှိရပါကြောင်း၊ ကင်းချောင်း အဝနှင့် သစ်ချောင်းအဝသည် ရေမိုင် ၈ မိုင်ခန့်သာ ကွာဝေးပါကြောင်း၊ စက်လှေဖြင့်သွားပါက တစ်နာရီ ခန့်ကြာမြင့်ပြီး ရှပ်ပြေးယာဉ်ဖြင့် မိနစ် ၂၀ ခန့်သာ ကြာမြင့်ပါကြောင်း၊ အဆိုပါသစ်ချောင်းနှင့် ကျီးချောင်း အဝများကိုသာ ပြန်လည်တူးဖော်ပေးမည်ဆိုပါက မာန်အောင်မှ ကျောက်ဖြူနှင့်ရမ်းဗြဲမြို့တို့ကို နေ့ချင်းပြန် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများ စီးပွားရေး၊ လူမှုရေးများစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် ပြည်သူများအတွက် ၎င်းချောင်းများကို ပြန်လည်တူးဖော်ပေးရန် အမှန်တကယ်မရှိမဖြစ် အရေး တကြီး လိုအပ်နေသည့်အတွက် ကျီးချောင်းနှင့် သစ်ချောင်းအဝင် ချောင်းအဝများကို ပြန်လည်တူးဖော် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။