(က)-အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသတွင် နယ်မြေမီးသတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကွင်းကောက်ဒေသသည် ပတ်ဝန်းကျင်ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စုနှင့် ဝန်းရံထားပြီး အနီးဆုံး မီးသတ်စခန်းများဖြစ်သည့် အင်္ဂပူစခန်းနှင့် ၁၅ မိုင်၊ ဟင်္သာတစခန်းနှင့် ၃၂ မိုင်၊ ငါးသိုင်းချောင်း စခန်းနှင့် ၃၅ မိုင်ခန့်ကွာဝေးပြီး ပုသိမ်- မုံရွာကားလမ်းကြီး၏ဘေးတွင် တည်ရှိပါကြောင်း၊ အိမ်ခြေ ပေါင်း ၁၇၀၆၁ အိမ်၊ ကျေးရွာအုပ်စုပေါင်း ၂၂ အုပ်စုရှိပြီး ပတ်ဝန်းကျင်ကျေးရွာအုပ်စု ၄ အုပ်စုနှင့်ပေါင်းလျှင် ၂၆ အုပ်စုနှင့် အိမ်ခြေပေါင်း ၂၀၇၈၄ အိမ် ရှိပါကြောင်း၊ ဈေး နှစ်ဈေး၊ ရဲစခန်း တစ်ခု၊ ဆေးရုံ တစ်ရုံ၊ ဆေးပေးခန်း ငါးခု၊ ပညာသင်ကျောင်း ၆၅ ခု၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများနှင့် အမှတ်(၅)တိုင်းဗဟိုလေ့ကျင့်ရေး ကျောင်းတစ်ကျောင်းရှိပါကြောင်း၊ ၂၆-၁၁-၂၀၁၆ ရက်နေ့တွင် လျှောက်လွှာနှင့် ပြည်ထဲရေးဒုတိယဝန်ကြီးထံ မိမိတင်ပြတောင်းခံခဲ့ဖူးပါ ကြောင်း၊ ၁၀ ရက်ခန့်အကြာတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မီးသတ် ဦးစီးဌာနမှ ဖုန်းနှင့် အကြောင်းပြန်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် မတ်လတွင် မိမိတိုင်းဒေသကြီး မီးသတ်ဦးစီးနှင့် တွေ့သည့်အခါ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် မီးသတ်စခန်းများ ပြည့်သွားပြီဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် မြို့နယ် ပထမဦးစားပေးအဆင့်နှင့် တောင်းခံထားပြီးဖြစ်ပါကြောင်း၊ လိုအပ်သည့် မြေတစ်ဧကကို လည်း ပုံစံ(၁၀၅)နှင့် မိမိတို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကွင်းကောက်ဒေသ၏နယ်မြေ မီးသတ်စခန်းကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိ မေးမြန်းခဲ့သည်။