(ဂ)-နိုင်ငံတကာအဆင့်မီ သတင်းမီဒီယာသမားများ ပေါ်ထွန်းလာစေရေးအတွက် သတင်းမီဒီယာ ကျောင်းများဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် မဏ္ဍိုင်သုံးရပ်သည် သတင်းမီဒီယာကဏ္ဍက အကောင်းအဆိုးကို ထောက်ရှုဝေဖန်ပြီး ပြည်သူများသိအောင် ထောက်ပြရသည့်အတွက် ပြည်သူမျက်ရှုဖြစ်ပါကြောင်း၊ အမှန်က မြန်မာနိုင်ငံတွင် မီဒီယာကဏ္ဍဖွံ့ဖြိုးခဲ့သည်မှာ မင်းတုန်းမင်းတရားကြီးလက်ထက် မြန်မာနိုင်ငံ၏ သတင်းစာ ခေတ်ဦးဖြစ်သည့် ရတနာပုံသတင်းစာတွင် ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်းလျှင် ငါ့မိဖုရားကိုရေးဆိုသည့် ထိုစဉ်က မဏ္ဍိုင်သုံးရပ်စလုံးကို ချုပ်ကိုင်သည့် သက်ဦးစံပိုင်ဘုရင်ကိုပင် ထောက်ပြဝေဖန်နိုင်အောင် ဖွံ့ဖြိုးခဲ့ဖူးသည့်အတွက်ကြောင့် စတုတ္ထမဏ္ဍိုင်ဟု တင်စားခေါ်ဝေါ်ကြသည်အထိ အလွန်ပင်အရေးပါခဲ့ပါကြောင်း၊

သတင်းမီဒီယာဥပဒေအခန်း (၂) ရည်ရွယ်ချက်များအခန်း ပုဒ်မ ၃ တွင် ရည်ရွယ်ချက် ၅ ခုပါဝင်ပြီး (ခ) တွင် သတင်းမီဒီယာလုပ်ငန်းများကို စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန် (င) နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည်‌့ဆည်းပေးရန်ဆိုသည့် ယနေ့ခေတ်အချိန်နှင့်ကိုက်ညီပြီး နိုင်ငံနှင့်ပြည်သူများအတွက် လိုအပ်ချက်များ ပါဝင်ပါကြောင်း၊ (ဃ)တွင် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်း၊ ကျင့်စဉ်များကို ဆိုင်ရာလုပ်ငန်းအဖွဲ့အတွင်း သတ်မှတ်ရေးဆွဲရန်ဆိုသည့် အချက်ပါဝင်ပါကြောင်း၊ ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရန် ကျင့်ဝတ်၊ စည်းကမ်းသိရှိနိုင်ရန် လေ့ကျင့်ပေးရန် လိုအပ်သကဲ့သို့ သတင်းမီဒီယာ ပညာလေ့လာ ဆည်းပူးပြီးဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်များလည်း လိုအပ်ပါကြောင်း၊ ယခုလို မျိုးထုတ်ပေးမည်ဆိုလျှင်လည်း လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများသည် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ Mancom-X က မီဒီယာကမ္ဘာပေါ်တွင် ဆွဲအားအကြီးဆုံး အရာဖြစ်ပြီး အပြစ်မဲ့သူကို အပြစ်ရှိသူဖြစ်အောင်၊ အပြစ်ရှိသူကို အပြစ်မဲ့သူဖြစ်အောင် လုပ်နိုင်သည့် စွမ်းအားရှိခြင်းကြောင့် ပြည်သူတို့၏စိတ်ကို ချုပ်ထားနိုင်ခြင်းကို ဆိုလိုပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကဏ္ဍများအပြင် သတင်းမှား၊ သတင်းတုကို ကာကွယ်နိုင်ရန် ကမ္ဘာကမြန်မာနိုင်ငံ၏ ပကတိအရှိတရားကို သိရှိရန်အတွက် မီဒီယာကဏ္ဍပါ ဘက်စုံဖွံ့ဖြိုးရန် လိုအပ်နေပါကြောင်း၊

 ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် ပြည်တွင်းသာမက နိုင်ငံတစ်ကာကပါ သတင်းအမှန်နှင့် အမြန်ရရှိရေး နှောင့်နှေးခဲ့သည်ကိုကြည့်လျှင် ပြည်တွင်းမီဒီယာများ ဖွံ့ဖြိုးရန်လိုအပ်နေသည်ဆိုသည်မှာ ပေါ်လွင်နေပါကြောင်း၊ သတင်းမီဒီယာဥပဒေပါ အခန်း (၄) တစ်ခုလုံး၊ ပုဒ်မခွဲ (၉) ခုပါဝင်ပြီး သတင်းသမားများ လိုက်နာရမည့်တာဝန်များနှင့် ကျင့်ဝတ်များကို ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ (ဈ) တွင် သတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့်ကျင့်ဝတ်များ၊ စည်းကမ်းများကို လိုက်နာခြင်းဆိုသည့် အချက်ကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း  တချို့သတင်းသမား အယောင်ဆောင်များ ကြောင့်သော်ကောင်း၊ ကျင်‌့ဝတ်နှင့်စည်းကမ်း မလိုက်နာသော သတင်းသမားများကြောင့် သော်လည်းကောင်း သတင်းသမားစစ်စစ်များသည် လွန်စွာနစ်နာရပါကြောင်း၊ တချို့ သတင်းထောက် ကတ်ကို အသုံးချပြီး လူတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုများကို ချိုးဖောက်နေသည်ကို လည်းတွေ့ရှိပါကြောင်း၊ သတင်းမီဒီယာ ဥပဒေအခန်း (၃) သတင်းမီဒီယာ သမားများ၏ ရပိုင်ခွင်‌့များအခန်း ပုဒ်မ ၄ (က) တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးက လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာဝေဖန်ထောက်ပြ အကြံပြု ရေးသားခွင်‌့ရှိခြင်း၊ (ဃ) သက်ဆိုင်ရာဌာန အဖွဲ့အစည်း၏ သတ်မှတ်ထားသော စည်းကမ်းများနှင်‌့ အညီဟုလည်းကောင်း၊ ပုဒ်မ ၇ တွင် စစ်မတ်ဖြစ်ပွားရာ ဒေသအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများက သတ်မှတ်ထားသော စည်းကမ်းများကိုလိုက်နာရန်ဟု ပြဋ္ဌာန်းထားသည့်အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပြင် အထူးဥပဒေများ၊ ရာဇသတ်ကြီးဥပဒေများ၊ တရားမကြောင်း ဥပဒေများကို သိရှိနားလည်ရန် အထူးလိုအပ်ပြီး ဌာနဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကိုလည်း သိရှိရန်လိုအပ်ပါကြောင်း၊ ပြည်တွင်းမီဒီယာများ နိုင်ငံတကာထိုးဖောက်နိုင်ရန် ဘာသာစကား၊ နည်းပညာ၊ နိုင်ငံတကာဥပဒေကိုလည်း သိရှိရန်ဆည်းပူးလေ့လာနိုင်မည့် အခွင့်အရေးများကိုလည်း ပံ့ပိုးပေးရန် အထူးလိုအပ်သည့်အတွက်ကြောင့် လူ့စွမ်းအားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်၊ နည်းပညာအရင်းအမြစ်များ ကူညီပံ့ပိုးပေးပြီး မီဒီယာကဏ္ဍခိုင်မာ အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင်‌့ မေးမြန်းရခြင်းဖြစ်ပါသည်။