(ဃ)-Digital စနစ်ဖြင့် ပြသခြင်းမရှိသေးသော ရုပ်ရှင်ရုံ (၇၀) ရုံတို့အား မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

နိုင်ငံတော်က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များထံ ရောင်းချခဲ့သော ရုပ်ရှင်ရုံနေရာများ၌ အနည်းဆုံး ရုပ်ရှင်ရုံတစ်ရုံ ပြန်လည်တည်ဆောက်ပေးရန် သဘောတူညီမှုဖြင့် ရောင်းချခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုသေးသည့် ရုပ်ရှင်ရုံ ၄၁ ရုံနှင့်ပတ်သက်၍လည်းကောင်း၊ Digital စနစ်ဖြင့် ပြောင်းလဲအသုံးပြု ပြသခြင်းမရှိသေးသော ရုပ်ရှင်ရုံ ၇၀ ရုံနှင့်ပတ်သက်၍ လည်းကောင်း မည်ကဲ့သို့အရေးယူစီမံဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များထံမှ ရောင်းချခဲ့သည့် ရုပ်ရှင်ရုံနေရာများတွင် အနည်းဆုံးရုပ်ရှင်ရုံတစ်ရုံ ပြန်လည်တည်ဆောက်ပေးရန် သဘောတူညီမှုနှင့် ရောင်းချခဲ့သော် လည်း ပြန်လည်တည်ဆောက်ပေးခြင်းမရှိသေးသည့် ရုပ်ရှင်ရုံ ၄၁ ရုံနှင့်ပတ်သက်၍လည်းကောင်း၊ Digital စနစ်နှင့် ပြောင်းလဲအသုံးပြုပြသခြင်းမရှိသေးသည့် ရုပ်ရှင်ရုံ ၇၀ နှင့်ပတ်သက်၍ မည်ကဲ့သို့အရေးယူစီမံဆောင်ရွက်မည်ကို သိရှိလိုသည့်အတွက် မေးမြေန်းခြင်းဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ ဖြတ်သန်းနေ သည့် ခေတ်စနစ်တစ်ခု၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများကို ထင်ဟပ်ပေါ်လွင် စေသည့် အရေးပါသော အနုပညာဖျော်ဖြေရေးလုပ်ငန်းဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းမှ ရိုက်ကူး ထုတ်လုပ်လိုက်သည့် ရုပ်ရှင်ကားများသည် ပရိသတ်ဖြစ်သည့် ပြည်သူလူထုအတွက် ဖျော်ဖြေရေး သက်သက်သာမဟုတ်ဘဲ သတင်းအချက်အလက်နှင့် အသိပညာပေးကိစ္စများပါ ပါဝင်၍ နိုင်ငံတော်၏မူဝါဒများ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ပြည်သူကြားတွင် စိမ့်ဝင်ပျံ့နှံ့အောင် ဆောင်ကျဉ်းပေးနိုင်သည့် သိမ်မွေ့နူးညံ့သည့် အင်အားတစ်ခုဖြစ်သဖြင့် နိုင်ငံအတွက် အရေးပါ သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် ရုပ်ရှင်လုပ်ငန်းကိုတည်မှီပြီး မြောက်မြားစွာသော အတတ်ပညာရှင်၊ အသိပညာရှင်၊ အနုပညာရှင်များ အလုပ်အကိုင် အခွင့်အလမ်းရရှိကြသလို နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်လျှင် နိုင်ငံ၏ဝင်ငွေ GDP တိုးတက်စေပါ ကြောင်း၊

ဥပမာအနေဖြင့် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့်USA စသည့် နိုင်ငံများ၏ ရုပ်ရှင်လုပ်ငန်းများမှ ရရှိသည့် တစ်နှစ် GDP အခွန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှု များကို အားရစရာတွေ့မြင် နေရပါကြောင်း၊ ၁၉၂၀ ခုနှစ်တွင် စတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင် ခေတ်ဦးကာလတွင် အရည်အသွေးပြည့်မီသည့် ဇာတ်ကားများရိုက်ကူးနိုင်ပြီး နိုင်ငံခြားကို ဖြန့်ချိ နိုင်သည်အထိ အောင်မြင်ခဲ့ ပါကြောင်း၊ ရုပ်ရှင်ရိုက်ကူးရေး၏ အဓိကလိုအပ်ချက်ဖြစ်သည့် Studio များ၊ ရုပ်ရှင်ခြံများ အရည်အချင်းပြည့်မီသည့် ကုမ္ပဏီပိုင် မင်းသား၊ မင်းသမီး၊ ဒါရိုက်တာများနှင့် ရိုက်ကူးပြီး လွယ်ကူစွာ ဖြန့်ချိခွင့်ရခဲ့သဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ခဲ့ပါကြောင်း၊ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဖန်တီးရာတွင် ငွေကြေးမြောက်မြားစွာနှင့် ရင်းနှီးပြီး အချိန်ယူ လုပ်ဆောင်ရသောကြာင့် နောက်ဆုံးပြသခြင်းအပိုင်းကိုရောက်လာသည့်အခါ ပြဿနာမှာ ပြသစရာရုပ်ရှင်ရုံမရှိသဖြင့် နှစ်နှင့်ချီပြီး တန်းစီစောင့်ရသည့်အခါ ထုတ်လုပ်သူများ ငွေအကြာကြီး ရင်းနှီးမြှုပ်နှံထားရ၍ ဆုံးရှုံးမှုများရှိသလို နောက်ထပ်ရုပ်ရှင်ကားတစ်ကားကို ဖန်တီးရန်လည်း ငွေလိုသဖြင့် ထပ်မံမထုတ်လုပ်နိုင်သည့်အတွက် ဒီလုပ်ငန်းကို တည်မှီပြီး လုပ်ကိုင်နေရသည့် သူများလည်း အလုပ်လက်မဲ့ဖြစ်စေသလို မည်သူမှလည်း အရင်းအနှီးများစွာ မြှုပ်နှံရသည့် ကြီးမားခိုင်ခံ့သည့် ဇာတ်အိမ်၊ ဆန်းသစ်သီထွင်မှုများကို လုပ်ကြတော့မည်မဟုတ်၍ မြန်မာ့ရုပ်ရှင် သည် မစုံလင်ဘဲ သမားရိုးကျထဲမှ ခွဲထွက်နိုင်တော့မည် မဟုတ်သည့်အပြင် နိုင်ငံအတွက်လည်း ဝင်ငွေထိခိုက်ပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းသည် ပြသစရာ ရုပ်ရှင်ရုံမလုံလောက်သည့်အတွက် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပါကြောင်း၊

၁၉၈၆ ခုနှစ် ဒီဇင်ဘာလတွင် ရုပ်ရှင်ရုံ ၄၀၀ နီးပါးကို ပြည်သူပိုင်အသိမ်းခံလိုက်ရသည့်အချိန်မှစပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း စတင်ကျဆင်းခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်ဝန်းကျင်တွင် နိုင်ငံတော်မှ တချို့ရုပ်ရှင်ရုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မတီမှတစ်ဆင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင် များထံ ရောင်းချခဲ့သောကြောင့် ရုပ်ရှင်ရုံများသည် ဂိုဒေါင်များ၊ တခြားစီးပွားရေးလုပ်ငန်း အဆောက်အဦများအဖြစ် ပြောင်းလဲသွားပါကြောင်း၊ ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများမှာ အနည်းဆုံးရုပ်ရှင်ရုံတစ်ရုံ ပြန်လည်ထည့်သွင်းတည်ဆောက်ပေးရမည်ဟု သဘောတူညီချက်နှင့် ရောင်းချခဲ့သည့် ရုပ်ရှင်ရုံ ၄၁ ရုံရှိသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိဘူးဟု သိရပါကြောင်း၊ ထို့ပြင် Digital စနစ်နှင့် ပြောင်းလဲအသုံးပြုရန် ညွှန်ကြားထားသော်လည်း ပြောင်းလဲအသုံးမပြုသေးသည့် ရုပ်ရှင်ရုံ ၇၀ ခန့် ရှိနေကြောင်း၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအနှောင့်အယှက်ဖြစ်စေသော ကြောင့် ထိရောက်စွာအရေးယူဆောင်ရွက်သင့်၍ မည်ကဲ့သို့ ဆောင်ရွက်သည်ကို သိချင်ပါ ကြောင်း၊

၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သလို Entertainment Industry ဖြစ်အောင် မြန်မာ့ ရုပ်ရှင်လောကကို လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ဖျော်ဖြေရေးလုပ်ငန်းမှတစ်ဆင့် နိုင်ငံ၏ယဉ်ကျေးမှု၊ မျှော်လင့်ချက်များကို ကမ္ဘာကသိအောင်၊ နားလည်အောင်၊ လေးစားအောင်လုပ်နိုင်သည့် အခွင့်အရေးများကို ဆုပ်ကိုင်နိုင်ရန် မိမိအနေဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊