(ခ)-ကျေးရွာများတွင် နေထိုင်သော ပြည်သူများ၏ ခြံမြေများကို ဂရန်မြေများအဖြစ် ဖော်ထုတ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
အိမ်ခြံမြေသည် ဥပဒေအရ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း တွင်ပါဝင်ပါကြောင်း၊ ၎င်းမရွှေ့မပြောင်းနိုင် သည့်ပစ္စည်းများကို ရောင်း/ဝယ်/ ပေးကမ်းခြင်း အခြားနည်းတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးမည် ဆိုပါက ၎င်းပစ္စည်းများကို ပစ္စည်းလွှဲပြောင်းရေးဥပဒေ ပုဒ်မ ၅၃ ပုဒ်မခွဲ (က)အရလည်းကောင်း၊ တံဆိပ်ခေါင်းခွန် ဥပဒေပုဒ်မ ၁၇(၁)နှင့် ယခုနှစ်တွင် ပြဋ္ဌာန်း လိုက်သည့် စာချုပ်စာတမ်းဥပဒေ ၁၆ (က)မှ (ဆ)အထိ ပြဋ္ဌာန်းထားသည့်အချက်များနှင့်အညီ ပြုလုပ်ရပါကြောင်း၊ သို့သော် ကျေးရွာများ တွင်ရှိသည့်မြေများသည် လွန်ခဲ့သည့်နှစ်ပေါင်းမြောက်မြားစွာ ဘိုးစဉ်ဘောင်ဆက် ကတည်းက ဂရန် မရှိသည့်အပြင် ၃(ခ)လည်း မရှိသည့်အတွက် လွှဲပြောင်း၊ ရောင်းချ၊ ပေးကမ်းသည့်အခါတွင် အမြဲတမ်း ပြဿနာတက်သည်ကို တွေ့ရ ပါကြောင်း၊ မိမိတို့မြို့နယ်တွင် ပြီးခဲ့သည့် တစ်နှစ်၊ နှစ်နှစ်မှစပြီး ရွာနှစ်ရွာကို ဂရန်လုပ်ပေးခဲ့ပါကြောင်း၊ သို့သော် ရွာတစ်ရွာတွင် အိမ်ခြံမြေ ၁၅၀ သာ ရှိသော်လည်း တစ်နှစ် ကျော်ကျော်လောက်လုပ်ရသည့် အတွက် ကျေးရွာပေါင်းမြောက်မြားစွာ မြန်မာတစ်ပြည်လုံး အတွက်ဆိုပါက ကြာမည့်အနေအထားမျိုးဖြစ်ပါ ကြောင်း၊ သို့သော် အိမ်ခြံမြေဂရန်များ မလုပ်ပေးပါက ရောင်းမည်ဝယ်မည်ဆိုပါက မိမိတို့ဥပဒေနယ်ပယ် တွင် သုံးသည့်စကားအရ အရပ်စာချုပ်ဆိုပြီး မိမိတို့ချုပ်ပြီးသည့်အခါမှာ ရောင်းပါကြောင်း၊ ရောင်းပြီး အကြောင်းတစ်စုံတစ်ရာကြောင့် သုံး၊ လေးလကြာမှ မဖယ်ပေးနိုင်သေးပါက စာချုပ်တွင် မှတ်ချက် အနေ ဖြင့် ထားသော်လည်း တကယ်တမ်းပေးရမည့်အချိန် မလွှဲပြောင်းပေးသည့် အခါ တရားရုံးတွင် တရားစွဲ ပါကြောင်း၊ Registration မလုပ်ထားသည့်အတွက် တရားရုံးမှ သက်သေခံအဖြစ် ပယ်ပါကြောင်း၊ သက်သေခံအဖြစ် လက်ခံသည့်အခါတွင်လည်း ၎င်းစာချုပ်အပေါ် မစဉ်းစားသည့်အတွက် ဝယ်သူများ အရမ်းနစ်နာသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျေးရွာ များတွင်နေထိုင်သည့် ပြည်သူများ၏ ခြံမြေများကို ဂရန်မြေများအဖြစ် ဖော်ထုတ်သတ်မှတ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပြီး အမြန်ဆုံးလုပ်ပေးနိုင် မည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။