(က)-တောင်သူလယ်သမားများ၏အကျိုးစီးပွားနှင့် ပတ်သက်သည့် လိုလားချက်များအားနိုင်ငံတော် မှဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း
တောင်သူလယ်သမားများကို စပါးနှင့် အခြားအဓိကသီးနှံများ အထွက်တိုးပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ၁၀ ဧက အထွက်တိုးပြိုင်ပွဲမှ ၅ ဧကပြိုင်ပွဲသို့ ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပုလဲသွယ်စပါးထက် ပိုမိုကောင်း မွန်ပြီး ရောဂါပိုးမွှား အန္တရာယ်ကို ပိုမိုခုခံနိုင်သည့်အပြင် အထွက်တိုးသော တရုတ်နိုင်ငံထုတ် ကမာ ကုမ္ပဏီမှ ဖြန့်ချိပေးသည့် ကမာ ၃ ကဲ့သို့ မျိုးစပါးများကို တင်သွင်းဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ။
မြန်မာနိုင်ငံအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးဆေးကုမ္ပဏီများမှ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အခြားဆေးများကို ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် ရောင်းချလျက်ရှိသည့် ပိုးသက်ဆေးဈေးနှုန်းများထက် ဈေးနှုန်းနှစ်ဆခန့်မြင့်မားနေသည့် အတွက် ဈေးနှုန်းသက်သက်သာသာနှင့် ပြည်တွင်း တောင်သူလယ်သမားများ ဝယ်ယူရရှိနိုင်ရေး အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ နိုင်ငံတော်စိုက်ဘဏ်မှ ထုတ်ချေးနေသော တောင်သူလယ်သမားစိုက်ပျိုးစရိတ် ချေးငွေများကို လယ်ပိုင်ရှင်များသာ ချေးယူရရှိနိုင်သည့် အတွက် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးချိန်တွင် လယ်ပိုင်ရှင်များထံမှ တစ်ဆင့်ပြန်၍ ချေးရသည့် အတွက် အတိုးနှုန်းများပေးပြီး ဆောင်ရွက်နေရပါကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးနေသော တောင်သူ လယ်သမားများအတွက် စိုက်ဘဏ်စာအုပ်များဖွင့်လှစ်ပြီး စိုက်ဘဏ်မှငွေချေးယူနိုင်ခြင်း ရှိ/မရှိနှင့် နိုင်ငံတော်မှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော ယူရီးယားဓာတ်မြေသြဇာကို တောင်သူလယ်သမားများ လက်ဝယ်သို့ တိုက်ရိုက်ရောင်းချရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။