(စ)-ကျောင်းကုန်းမြို့နယ်အတွင်းရှိအာဆင်းနစ်မြင့် မားသည့်ဒေသများ၌ အားဆင်းနစ် ကင်းလွတ် သည့်သောက် သုံးရေတွင်းများတူးဖော်ပေးရန်နှင့် အာဆင်းနစ်လွတ် သောက်ရေတွင်းများအားပြန် လည် တူးဖော်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-18

ဦးသိန်းထွန်း (ကျောင်းကုန်း)ကျောင်းကုန်းမြို့နယ်သည် အာဆင်းနစ်အလွန် များပြားသော ဒေသတစ်ခု ဖြစ်သည့် အတွက် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် အာဆင်းနစ်နှင့်ပတ်သက်ပြီး ဆောင်ရွက်ချက် များ ကို မေးမြန်းခဲ့ရာ  ၂၀၁၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစားပေးအစီအစဉ် ၆ ရပ်ကို စာဖြင့်ဖြေကြားထားပါကြောင်း၊

ကျောင်းကုန်းမြို့နယ်သည် အာဆင်းနစ်များပြားခြင်းကြောင့်၂၀၀၅ ခုနှစ် နိုဝင်ဘာ လနှင့် ၂၀၀၇ ခုနှစ် မတ်လပိုင်းမှာ UNICEF နှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သောက်သုံးရေတွင်းများကို စမ်းသပ်ခဲ့ရပါကြောင်း၊ သောက်သုံးရေအတွက် အာဆင်းနစ်သတ်မှတ်ချက်မှာ ၁၀ ကနေပြီးတော့ ၅၀ PPB အတွင်း သာသောက် သုံးနိုင် သည်ဟု သိရှိရပါကြောင်း၊ မိမိတို့စမ်းသပ် ချက် ရလဒ်များအရ ကွင်းဆက်ကြီးကျေးရွာအုပ်စု  ရေတွင်း (၉) တွင်းအနက် အာဆင်းနစ်ဓာတ်(၇) က ၁၀၆ PPB အထိ၊ တံခွန်တိုင် ၂၁ တွင်း အနက်၂၁ တွင်းလုံးသည် ၉၉ PPB အထိ၊  အဝစုရွာအတွင်းတွင် ၁၅ တွင်းသည် ၁၁၀ PPB အထိ၊ အလယ်စုရွာမှာ ၁၆ တွင်းအနက် ၁၁ တွင်းသည် ၁၁၁ PPB အများဆုံး၊  တောင်စုကျေးရွာမှာ ၃၂ တွင်း အနက် ၃၁ တွင်းသည် ၁၀၆ PPB အထိ၊  ကြုံဒိုင်းရိုးကျေးရွာမှာ ၂၆ တွင်းအနက် ၂၄ တွင်းသည် ၁၀၉ PPB ၊ ကြုံနားဝကျေးရွာရှိ ၁၈ တွင်းအနက် ၁၈ တွင်းသည် ၁၀၈ PPB အထိတွေ့အသီးသီးတွေ့ရှိရပါကြောင်း။

အထူးသဖြင့်  ကျောင်းကုန်းမြို့နယ်၊ မှော်သေးရပ်ကွက်ရှိ ၅၂ တွင်းအနက် ၃၈ တွင်း အများဆုံးဟာ PPBအဆင့်  ၅၄၀, ၅၁၅, ၅၀၀ ကျော်သည်အထိနှင့်  အ.ထ.က တွင်းသည် PPB ၂၀၀၀ အထိဖြစ်သွားခြင်းများကြောင်း ချက်ခြင်းပိတ်လိုက်ရသည့်အနေအထားရှိပါကြောင်း။

ထို့ကြောင့် ၂၀၀၅ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၀၇ ခုနှစ် မတ်လတွင် ကျန်းမာရေးဦးစီး ဌာနနှင့် UNICEF တို့ပူးပေါင်းပြီး စမ်းသပ် ရလဒ်အပေါ် မူတည်ပြီး စီမံချက် တစ်ရပ်အနေနှင့် တွင်း ပေါင်း ၃၂ တွင်းကို စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ကျန်းမာရေးဦးစီးဌာနများနှင့် ပူးပေါင်းတူးဖော်ခဲ့သော်လည်း ပေ ရှည်တွင်းနှင့် လေး လက်မ ပိုက်တွင်းများဖြစ်သောကြောင့် ယခုအချိန်တွင် သောက်ရေတွင်းများသည် အတော် ပျက်စီးနေသည့် အနေအထားရှိပါကြောင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်နှင့် တူးဖော်ရာ တွင်လည်း မူလအစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်း များကြောင့် UNICEF ကတူးပေးသော တွင်းများကို ဆောင်ရွက်ပေးခြင်းမရှိပါကြောင်း၊  ဒရေအရင်းအမြစ် ဦးစီးဌာနက ဆောင်ရွက်ရာတွင်လည်း Heavy ဖြစ်သော မှော်သေးကဲ့သို့နေရာမျိုးတွင် ပေ ၁၀၀၀ တွင်း နှစ်တွင်းခန့်သာ တူးနိုင်ပြီး ဆက်လက်တူးဖော်နိုင်ခြင်းမရှိခြင်း၊ မြို့နယ်စည်ပင်အနေဖြင့်လည်း ပေ ၂၀၀ အထိ သာ တူးနိုင်ခြင်းများကြောင့် အာဆင်းနစ်လွတ်အောင် တူးနိုင်ခြင်းမရှိပါကြောင်း၊  ထို့ကြောင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ အာဆင်းနစ်မြင့်မားသော ဒေသများတွင် နိုင်ငံတော်အစီအစဉ်ဖြင့် သောက်ရေတွင်းများတူးဖော်ပေးနိုင်မည့်အစီအစဉ်နှင့် UNICEF အစီအစဉ်ဖြင့်တူးဖော်ပေးနိုင်သည့် အာဆင်းနစ်သောက်ရေ တွင်းများကို ပြန်လည်ပြင်ဆင် တူးဖော်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။